ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ အဆုံးသတ် မသေချာခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်(၂)မှာ စပါးကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရတာလို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ တန်ဟက်ဂ်က ပွဲစဉ်(၁) အဖြစ် ဝုလ်ဗ်နဲ့ ရင်ဆိုင်ကစားခဲ့တုန်းက ပွဲထွက်လူစာရင်း အတိုင်း ပွဲထုတ်ကာ စပါးကို ရင်ဆိုင် ကစားစေခဲ့ပါတယ်။

Photo Credit: Euro Sports

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးလာတာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်းမှာ အိမ်ရှင် စပါးထက် ကစားပုံ ပိုကောင်းခဲ့သလို အပိုင် ဂိုးသွင်းခွင့် ၂ကြိမ် ၊ ၃ကြိမ်လည်း ရခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့တဲ့ ရက်ဖို့ဒ် ၊ ဖာနန်ဒက် ၊ ဂါနာချိုနဲ့ အန်တိုနီတို့က ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို သွင်းဂိုးတွေ အဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က သွင်းဂိုးတွေ မရခဲ့ပဲ ဒုတိယပိုင်းမှာတော့ အိမ်ရှင် စပါးက ကစားကွက် အပြောင်းအလဲကြောင့် ကစားပုံ ပိုကောင်းလာခဲ့သလို လိုအပ်တဲ့ အနိုင်ဂိုးတွေပါ သွင်းယူသွားခဲ့ပါတယ်။

Photo Credit: Euro Sports

စပါး ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားခဲ့ခြင်း မရှိပဲ အဆုံးသတ် သေချာတဲ့ အသင်းက အနိုင်ရလဒ်ကို ရရှိသွားခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကလည်း သူ့ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှုကြောင့် ဒီလိုရလဒ်မျိုး ထွက်လာတာလို့ ပြောခဲ့သလို သူတို့အသင်းက တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေတာကြောင့် ဒီနွေဈေးကွက်မှာ ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူခဲ့တာပါလို့လည်း ပြောကြားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ပထမပိုင်း ကစားပုံက အတော်လေးကို ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံ ကောင်းနေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့က သွင်းဂိုးတွေပါ သွင်းယူနိုင်ရပါမယ်။ ဦးဆောင်ဂိုး ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ကစားသမားတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အာရုံစိုက်ရမယ်။ အားသွန်ခွန်စိုက် ကစားရမယ်။ ပြီးတော့ ပြင်းပျတဲ့ စိတ်ဆန္ဒ ရှိရပါမယ်။ ဒီအချက်တွေ ပြည့်စုံမှသာ လိုချင်တဲ့ ဦးဆောင်ဂိုး သွင်းယူနိုင်မှာပါ။ ဦးဆောင်ဂိုး ရဖို့ ဆိုတာ ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေက သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပါတယ်။ ဒါကို ပြီးခဲ့တဲ့ရာသီမှာ သူတို့တွေ သက်သေပြပြီးပါပြီ။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့မှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒီအားနည်းချက်ကြောင့်ပဲ (အဆုံးသတ် မသေချာမှုကို ရည်ရွယ်လျက်) ကျွန်တော်တို့က ဒီနွေဈေးကွက်ထဲမှာ တိုက်စစ်မှူးသစ် တဦး ခေါ်ခဲ့တာပေါ့” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။