ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၄)မှာ ပြိုင်ဘက် အာဆင်နယ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်း ရခဲ့တဲ့ သွင်းဂိုးကို လူကျွံဘော ဆိုပြီး ပြန်ဖျက်ခဲ့တာကို နားမလည်သလို ပွဲအလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ အာဆင်နယ်ရဲ့ ဒုတိယဂိုးမှာလည်း အာဆင်နယ် တိုက်စစ်မှူး ဂျေဇူးက သူတို့ရဲ့ ခံစစ်မှူး အီဗန်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲစကနေ ပွဲဆုံးတဲ့ အထိ ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်ရော မန်ချက်စတာ ယူနိုက်တက်ကပါ တသင်းနဲ့ တသင်း မရှိန်နေပဲ အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ကြတာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၂၆မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ တဆင့် ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အပျော်တွေက ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၂၈မိနစ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က အာဆင်နယ် အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက လူစားလဲမှုတွေ လုပ်ကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစားခဲ့ကြပြီး ပွဲချိန် ၈၈မိနစ် ဝန်းကျင်မှာ လူစားဝင် ကစားသမား ဂါနာချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဒိုင်အဖွဲ့က ဂါနာချိုရဲ့ဂိုးကို လူကျွံဘောလို့ သတ်မှတ်ကာ ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

Photo Credit: Talksports

ပွဲချိန် ၉၀+၆မိနစ် အရောက်မှာတော့ ထောင့်ကန်ဘော ကနေ ကျလာတဲ့ ဘောလုံးကို ရိုက်စ်က အပြင်းကန်သွင်းကာ အာဆင်နယ် အတွက် အဖိုးတန် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၉၀+၁၁မိနစ်မှာတော့ လူစားဝင် တိုက်စစ်မှူး ဂျေဇူးက အာဆင်နယ် အတွက် ပွဲသိမ်းအနိုင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ဟာ အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးပွဲ ကြုံခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူတို့အသင်း ရသင့်တဲ့ ပင်နယ်တီ တလုံး မရခဲ့သလို ဂါနာချိုရဲ့ဂိုးကလည်း လူကျွံဘော မဟုတ်ခဲ့ကြောင်းနဲ့ ရိုက်စ်ရဲ့ သွင်းဂိုးမှာလည်း ဂျေဇူးက အီဗန်ကို ဆွဲထားခဲ့တာကြောင့် ပြစ်ဒဏ်ဘော ရခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ တန်ဟက်ဂ်က – “ဒိုင်လူကြီးက အာဆင်နယ်ကို ပင်နယ်တီ ပေးခဲ့ပေမယ့် VARကြောင့် ပြန်ပယ်ဖျက်သွားတယ်။ ဒါပေမယ့် အဲ့ဒီကစားသမားကို အဝါကတ် မပြခဲ့ဘူး။ ပြီးတော့ ဟွိုက်လန်းကို ပင်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပင်နယ်တီ ပေးသင့်ခဲ့ပေမယ့် VARက အဲ့ဒီဖြစ်ရပ်ကို ပြန်တောင် မကြည့်ခဲ့ပါဘူး။ ဂါနာချိုရဲ့ဂိုးကလည်း ရှုထောင့်အမှားကနေ ကြည့်ခဲ့လို့ လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီဂိုးက လူကျွံတယ်လို့ မထင်ပါဘူး။ ပြီးတော့ ရိုက်စ်ရဲ့ဂိုး။ ဒီဂိုးက ဒိုင်လူကြီးက ဘယ်လိုလုပ်ပြီး ဂိုးအဖြစ် သတ်မှတ်ပေးလိုက်တာလဲ။ အီဗန်က သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာပါ” လို့ ပြောကြားကာ ကွင်းလယ်ဒိုင်ကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။