ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဟာ အဆုံးသတ် မသေချာမှုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြပြီး ပွဲအစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန်ကို အသာစီး ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဘရိုက်တန်က အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ကစားလာနိုင်ပါတယ်။

Photo Credit: Standard

ပွဲချိန် ၂၀မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ တဆင့် ဝဲလ်ဘက်က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဘက်ကို လှလှပပ ဂိုးသွင်းယူကာ ဘရိုက်တန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ယူနိုက်တက်က ချေပဂိုး ပြန်ရဖို့ ကြိုးစား ကစားခဲ့ပေမယ့် ဘရိုက်တန်ရဲ့ မာကျောတဲ့ ခံစစ်ကစားဟန်ကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိသလို ပွဲချိန် မိနစ် ၄၀မှာ ရရှိခဲ့တဲ့ ဟွိုက်လန်းရဲ့ သွင်းဂိုးကလည်း ဘောလုံးဟာ ဘေးစည်းကျော်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ချက်စတာ ယူနိုက်တက်က ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် တကယ်တမ်းမှာ ဘရိုက်တန်ကသာ နောက်ထပ် ဦးဆောင်ဂိုး ၂ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ဘရိုက်တန် အတွက် ဒုတိယနဲ့ တတိယ ဦးဆောင်ဂိုးတွေကို ဂရော့စ်နဲ့ ပက်ဒရိုတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Sky Sports

ပွဲချိန် ၇၃မိနစ်မှာတော့ ယူနိုက်တက်ရဲ့ လူစားဝင် ကစားသမားလေး မက်ချ်ဘရီက ပြင်းထန် အားပါတဲ့ အဝေးကန်ချက်နဲ့ အိမ်ရှင်တို့အတွက် သိက္ခာဆယ် ချေပဂိုး တဂိုး ပြန်သွင်းပေးနိုင်ခဲ့ပေမယ့် လက်ကျန် ပွဲကစားချိန် အတွင်းမှာ ယူနိုက်တက်တို့က လိုအပ်နေတဲ့ ချေပဂိုးတွေကို ထပ်မံ မသွင်းနိုင်ခဲ့တာကြောင့် ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဘရိုက်တန်ကို ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၃ ဘရိုက်တန် ပွဲအပြီးမှာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူတို့အသင်းဟာ ကစားပုံ ကောင်းရဲ့သားနဲ့ ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပြီး ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာဟာ ရှုံးပွဲ ကြုံတွေ့ရတဲ့ အဓိက အကြောင်းပြချက် ဖြစ်ကြောင်း ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ရလဒ်ပိုင်း အတွက် အတော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေ အများကြီးလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ထိုးနှက်ချက် ၂ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမ ထိုးနှက်ချက်က ဘရိုက်တန်ရဲ့ အဖွင့်ဂိုး ဖြစ်ပြီးတော့ ဒုတိယ ထိုးနှက်ချက်က ဂိုးပယ်ဖျက်ခံခဲ့ရတာပါ။ ကျွန်တော်တို့ ပြင်ဆင်လာတဲ့ ကစားပုံအသစ်က အဆင်ပြေခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၂၀က အရမ်း ကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲပြီးတဲ့ အထိ အဲ့ဒီကစားပုံနဲ့ပဲ ဆက်ကစားခဲ့ကြတာပါ။ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာက ပြဿနာ ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။