MySport Myanmar

မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ရဲ့ တဦးချင်း အမှားတွေကြောင့် ရှုံးခဲ့ရတာလို့ တန်ဟက်ဂ် ငြီးတွား

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဆီဗီးလားကို အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် တဦးချင်း အမှားတွေကြောင့် ယူရိုပါလိဂ်ဖလား ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာလို့ ငြီးတွားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပိန်အသင်းတွေနဲ့ တောက်လျှောက် တွေ့ဆုံခဲ့ရာ ဘာစီလိုနာ ၊ ဆိုစီဒက် ၊ ဘက်တစ် စတဲ့ အသင်းတွေကို ဖြုတ်ချနိုင်ခဲ့ပေမယ့် တွေ့ဆုံမှုတိုင်းမှာ အသာစီး မရခဲ့တဲ့ ဆီဗီးလားနဲ့ တွေ့ဆုံခဲ့ရာ နှစ်ကျော့ပေါင်း ရလဒ် ၅-၂နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: The Sun

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုကာ အနိုင်ရလဒ် ရရှိအောင် ကြိုးစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဆီဗီးလားရဲ့ တိုက်စစ်ဆင်မှုတွေက ပိုထိရောက်ခဲ့သလို ပွဲချိန် ၈မိနစ်မှာ ဆီဗီးလားက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ရဲ့ နှစ်ဦးပေါင်း အမှားကနေ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆီဗီးလားရဲ့ အဖွင့်ဂိုးကို အဓိက တိုက်စစ်မှူး အန်နဆရီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Keep Up

အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဘရူနို မပါဝင်နိုင်တဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားဟန်က အတော်လေး အားနည်းနေတာကြောင့် ချေပဂိုး ပြန်မရခဲ့ပဲ ပွဲချိန် ၄၇မိနစ်မှာ ဘာဒီက ထောင့်ကန်ဘော ကနေ တဆင့် ဆီဗီးလား အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခွင့် ရရှိချိန်မှာ ဆီဗီးလားက ခံစစ်ကိုသာ ဦးစားပေး ကစားသွားခဲ့ပြီး ပွဲချိန် ၈၁မိနစ်မှာတော့ ဒီဂီယာရဲ့ အမှားကနေ တဆင့် အန်နဆရီက ဂိုးပေါက်အလွတ်ထဲကို အလွယ်တကူ ကန်သွင်းကာ ဆီဗီးလား အတွက် တတိယ ဦးဆောင်ဂိုးကို လှလှပပ သွင်းပေးခဲ့ပါတယ်။

ဆီဗီးလား ၃-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူ့အသင်းရဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး ကစားသမားတွေဟာ ပြင်းပျတဲ့ စိတ်ဓာတ်မျိုးနဲ့ ကြိုးစား ကစားခဲ့ခြင်း မရှိသလို တဦးချင်း အမှားတွေကြောင့် ဆီဗီးလားကို ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာလို့ ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ပွဲအစထဲက ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ကစားဟန် တခုကို မရခဲ့ပါဘူး။ ကျွန်တော်တို့က ပြိုင်ဘက်ကိုလည်း ဂိုးသွင်းခွင့်တွေ အများကြီး ခွင့်ပြုပေးခဲ့ရပါတယ်။ ကျွန်တော်တို့က တည်ငြိမ်မှု ကင်းမဲ့ခဲ့သလို တဦးချင်း အမှားတွေလည်း (မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ရဲ့ အမှားတွေအား ရည်ရွယ်လျက်) လုပ်မိခဲ့ပါတယ်။ ကျန်တဲ့ ကစားသမားတွေကလည်း အသင်းဖော်တွေ လုပ်မိခဲ့တဲ့ အမှားတွေကို ပြန်မဖာထေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ဒီနေ့ပွဲမှာလို ပေးဂိုးတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရင် ရှုံးပွဲနဲ့ ကြုံနေရဦးမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version