ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ လက်ကျန် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ကြိုးပမ်းနေပေမယ့် အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကိုသာ ခေါ်ယူသွားမယ်လို့ ယနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ ပေါ့ဘာ ၊ မာတစ် ၊ မာတာနဲ့ လင်ဂတ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့် ပေးထားသလို ဘယ်နောက်ခံလူ တဦး ဖြစ်တဲ့ တဲလက်စ်ကိုပါ ဆီဗီးလားထံ တရာသီအငှား ချထားပါတယ်။

Photo Credit: Khelnow

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကို အလွတ်နဲ့ ပြန်လည် ခေါ်ယူထားသလို ခံစစ်ပိုင်း အတွက် ဗဟိုခံစစ်မှူး မာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသီးသီး ပြန်လည် ခေါ်ယူထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း လက်ကျန် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦး ၊ ညာတောင်ပံ တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

Photo Credit: Khelnow

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် တွေ့ရာ ကစားသမားကို ခေါ်ယူဖို့ မရှိပဲ အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားမှသာ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ဆိုပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့တွေ ရာသီသစ် မစခင် ကစားသမားတွေ အကုန်လုံးကို ခေါ်နိုင်ခဲ့ရင် အကောင်းဆုံးပေါ့။ ဒါပေမယ့် ကျွန်တော်က လက်ရှိ အသင်းရဲ့ လူစာရင်းနဲ့ ပတ်သတ်ပြီး ပျော်ရွှင်မိပါတယ်။ အခု လက်ရှိ အသင်းဆီ ရောက်လာကြတဲ့ ကစားသမားသစ်တွေကိုလည်း သဘောကျပါတယ်။ ကျွန်တော်တို့က ကစားသမားသစ်တွေကို ထပ်ခေါ်ဖို့ အတူတကွ ကြိုးစားနေကြပါတယ်။ ကျွန်တော်က အသင်းရဲ့ လူစာရင်းနဲ့ ပတ်သတ်ပြီး ကျေနပ်မှု ရှိသလို ကစားသမားသစ်တွေ ထပ်ခေါ်ဖြစ်ရင်လည်း အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကိုပဲ ခေါ်သွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။