မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူးကနေ ဖယ်ရှားခံရတော့မယ်လို့ သတင်းကြီးနေတဲ့ နယ်သာလန်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ သူဟာ လက်ရှိမှာ သူ့ရဲ့ အနာဂတ်အကြောင်း မစဉ်းစားထားသေးပဲ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဗိုလ်လုပွဲ အတွက်သာ အာရုံစိုက် ပြင်ဆင်နေကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဗိုလ်လုပွဲနဲ့ ကာရာဘောင်းဗိုလ်လုပွဲတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို ကာရာဘောင်းဖလား ရအောင်လည်း ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ပွဲဦးထွက် ရာသီမှာတင် ဆုဖလား တစ်လုံးနဲ့ ဗိုလ်လုပွဲ ၂ကြိမ် ရောက်ခဲ့တာကြောင့် တန်ဟက်ဂ်က လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့ပေမယ့် ဒီရာသီမှာ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရမှု ၊ ပွဲထွက်လူစာရင်း မတည်ငြိမ်မှုတို့ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၈)နဲ့ပဲ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတဲ့ ပြိုင်ပွဲ ၄ခု အနက် ၃ခုမှာ အခြေအနေ မကောင်းပေမယ့် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ဒုတိယအကြိမ် ထပ်မံ ပို့ဆောင်ပေးထားပြီး ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ သူတို့ကို အနိုင်ယူကာ အက်ဖ်အေချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ထပ်မံ တွေ့ဆုံနေပါတယ်။

Photo Credit: MEN

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားပေမယ့် ဥရောပဝင်ခွင့် ရဖို့ မရေမရာ ဖြစ်နေတဲ့ အချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ရာသီကုန်တာနဲ့ ရာထူးကနေ ထုတ်ပယ်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး တန်ဟက်ဂ်ကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ်ထက် အသင်းနဲ့အတူ ဒုတိယမြောက် ဆုဖလား ရယူနိုင်မယ့် အခွင့်အရေး ဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုပဲ ပိုစိတ်ဝင်စားနေကြောင်း ဆိုလာပါတယ်။

အဲရစ် တန်ဟက်ဂ်က – “ကျွန်တော့်မှာ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာမှ ပြောစရာ မရှိသေးပါဘူး။ ကျွန်တော်က စနေနေ့မှာ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ နိုင်ပွဲ ယူဖို့ အတွက်ပဲ အာရုံစိုက်ထားပါတယ်။ အဲ့ဒါပြီးရင်တော့ အသင်းရဲ့ စီမံချက် အတွက် စဉ်းစားပါတယ်။ ကျွန်တော်တို့က အမြဲတမ်း စီမံချက်အတိုင်း သွားဖို့ လိုအပ်ပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေ အတွက် စဉ်းစားထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်က ဗိုလ်လုပွဲကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။