ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူဟာ လတ်တလောမှာ ထွက်ပေါ်နေတဲ့ နည်းပြအပြောင်းအလဲ လုပ်တော့မယ် ဆိုတဲ့ သတင်းတွေကို ဂရုမစိုက်ပဲ အသင်းရဲ့ ရလဒ်ပိုင်း တိုးတက်အောင်သာ အာရုံစိုက် ကြိုးစားနေတယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့အတူ အသင်းကို ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကာရာဘောင်း ချန်ပီယံ ဖြစ်အောင်လည်း ပဲ့ကိုင်ပေးခဲ့ပါတယ်။

တန်ဟက်ဂ်က ပထမဦးဆုံး ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းနေသလို တန်ဟက်ဂ်ရဲ့ အဓိက ခေါ်ယူမှုတွေ ဖြစ်တဲ့ အိုနာနာနဲ့ မေဆန်မောင့်တို့ကလည်း မျှော်မှန်းထားသလို စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် တန်ဟက်ဂ်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Optus Sports

လတ်တလောမှာ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSဟာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း အပြိုင်အဆိုင် ဖော်ပြနေကြပြီး တန်ဟက်ဂ်ကတော့ သူဟာ နည်းပြအပြောင်းအလဲ လုပ်မယ် ဆိုတဲ့ သတင်းတွေကို စိတ်မဝင်စားပဲ အသင်းအတွက် ရလဒ်ကောင်းတွေ ရယူပေးဖို့သာ ကြိုးစားနေတယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “အခု ထွက်နေတဲ့ သတင်းတွေကို လုံးဝ ဂရုမစိုက်ပါဘူး။ ကျွန်တော်က အသင်းရဲ့ ခြေစွမ်းပိုင်း တိုးတက်လာဖို့ပဲ အာရုံစိုက်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေရင် ကောလဟာလ သတင်းတွေ ထွက်တယ် ဆိုတာ ပုံမှန်ပါပဲ။ အသင်းအကြောင်း ၊ နည်းပြအကြောင်း ၊ ကစားသမားအကြောင်း စသဖြင့် အမြဲတမ်း သတင်းတွေ ထွက်နေဦးမှာပါ။ ဒါကြောင့် ကျွန်တော်တို့လို ယူနိုက်တက်နဲ့ သက်ဆိုင်တဲ့ လူတွေက ကောလဟာလ သတင်းတွေကို အမြဲတမ်း ရင်ဆိုင်နေရမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။