ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ စပါး ပွဲစဉ်မှာ သူတို့အသင်းဟာ ပင်နယ်တီ တလုံး ရခဲ့သင့်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အဖြစ် ရာသီအစမှာ အရှုံးပေးထားရတဲ့ စပါးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး တန်ဟက်ဂ်က အိမ်ကွင်းမှာ စပါးကို လက်စားပြန်ချေနိုင်ဖို့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။

Photo Credit: Daily Star

တဖက်မှာလည်း စပါးနည်းပြ ပိုစတီဂိုဂလူက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အထိ ချိန်ရွယ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရအောင် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့သလို ကစားသမားသစ် တီမိုဗာနာကိုပါ ပွဲထွက် လူစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ နှစ်သင်းစလုံးက အဝေးဘောတွေကို အားပြု ကစားလေ့ ရှိတဲ့ အသင်းတွေ ဖြစ်တာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် တိုက်စစ်ဖွင့် ကစားတာကို မမြင်တွေ့ခဲ့ရပေမယ့် လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို မကြာခဏ မြင်တွေ့ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်က ၂ကြိမ်တိုင်တိုင် ဦးဆောင်ခွင့် ရခဲ့ပေမယ့် စပါးဘက်က ချေပဂိုးတွေ ပြန်လိုက်သွင်းခဲ့တာကြောင့် ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit: One Football

ပွဲပြီးအင်တာဗျူးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ စပါးဘယ်နောက်ခံလူ အူဒိုဂီက ယူနိုက်တက် ညာတောင်ပံ ကစားသမား ဂါနာချိုကို ဂိုးဧရိယာအတွင်းမှ တွန်းလှဲခဲ့မှု အတွက် သူတို့အသင်းဟာ ပင်နယ်တီ ရခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ဒါပေါ့။ အဲ့ဒီဖြစ်ရပ်မှာ (အူဒိုဂီနဲ့ ဂါနာချိုတို့ရဲ့ ဖြစ်ရပ်) ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာများ တတ်နိုင်မှာလဲဗျာ။ ကျွန်တော်က ဒီလိုဆုံးဖြတ်ချက်မျိုးတွေနဲ့ နေသားကျနေပါပြီ။ ဒီတရာသီလုံး ဒီလိုမျိုးတွေချည်း ဖြစ်ခဲ့တာလေ။ စပါးရဲ့ အိမ်ကွင်းမှာတုန်းကလည်း သိသာတဲ့ လက်ထိဘောကနေ ပင်နယ်တီ မရခဲ့ပါဘူး။ တခြားဖြစ်ရပ်တွေလည်း အများကြီး ရှိပါသေးတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။