ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အစဉ်အလာပြိုင်ဘက် အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားရတဲ့ ပွဲမှာ ချစ်ကြည်ရေးပွဲ ဆိုတာ မရှိပဲ အာဆင်နယ်ကို အစွမ်းကုန် ယှဉ်ပြိုင် ကစားသွားမယ်လို့ ယနေ့ည ၃နာရီခွဲအချိန်မှာ (မြန်မာစံတော်ချိန်) ကျင်းပမယ့် အာဆင်နယ်နဲ့ ရာသီကြို ခြေစမ်းပွဲမတိုင်မီ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၂နဲ့ အဆင့်၃ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အမေရိကန်နိုင်ငံမှာ ရှိတဲ့ MetLifeကွင်းထဲမှာ ရာသီကြိုခြေစမ်းပွဲ အဖြစ် ယှဉ်ပြိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit: Inside Sports

အာဆင်နယ်က လောလောလတ်လတ်မှာပဲ အမေရိကန် မေဂျာလိဂ်ရဲ့ အောစတားအသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူထားသလို မန်ချက်စတာ ယူနိုက်တက်ကလည်း လိဒ်ယူနိုက်တက် ၊ လိုင်ယွန် စတဲ့ ပြိုင်ဘက်တွေကို ၂-၀ ၊ ၁-၀ ဆိုတဲ့ ရလဒ်မျိုးတွေနဲ့ အနိုင်ရရှိထားပါတယ်။

ဒါကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ရာသီကြိုခြေစမ်းပွဲကို စိတ်ဝင်တစား ကြည့်ရှုမယ့် ပရိသတ်တွေ ထုနဲ့ထေး ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ အာဆင်နယ်နဲ့ ကစားတဲ့ ပွဲတွေမှာ ခြေစမ်းပွဲ ဆိုတာ မရှိကြောင်း ပြောကြားရင်း အာတီတာတို့ အုပ်စုကို စိန်ခေါ်သွားခဲ့ပါတယ်။

Photo Credit: Football London

တန်ဟက်ဂ်က – “ကျွန်တော်တို့က အာဆင်နယ်နဲ့ ကစားရမယ့်ပွဲကို ခြေစမ်းပွဲလို သဘောထားပြီး ကစားသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြားထဲမှာ ချစ်ကြည်ရေးပွဲ ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ အဲ့ဒီပွဲကို အကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင် ကစားသွားမှာပါ။ ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစား ကစားသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

တန်ဟက်ဂ်က လိဒ်ယူနိုက်တက် ၊ လိုင်ယွန် စတဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနို ဖာနန်ဒက် ၊ ရက်ဖို့ဒ် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေကို ထည့်သွင်းခဲ့ခြင်း မရှိပေမယ့် အာဆင်နယ်နဲ့ ပွဲမှာ အဆိုပါ ကစားသမားတွေကို ထည့်သွင်း ကစားဖွယ် ရှိပြီး ဘရူနို ဖာနန်ဒက်ကတော့ သူဟာ အာဆင်နယ်နဲ့ပွဲမှာ ပါဝင် ကစားမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။