မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ဟာ လက်ရှိ ယူနိုက်တပ်အသင်းမှာ တဖြည်းဖြည်းနဲ့ အံ့ဝင်ခွင်ကျ ဖြစ်လာခဲ့ပြီလို့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘတ်ဟာ အခုနှစ် နွေဈေးကွက်ကမှ ဖီအိုရင်တီးနားကနေ မန်ယူနိုက်တက်အသင်းဆီကို တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Centredevils

မော်ရိုကို နဲ့ ဖီအိုရင်တီးနားတို့မှာ အလွန် ခြေစွမ်းပြသခဲ့တဲ့ အမ်မရာဘတ်ကို ယူနိုက်တက်ကို ရောက်ရှိခါစမှာပဲ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် ကစားသမား လိုအပ်ချက်အရ နောက်တန်းမှာပါ သွားရောက် ကစားပေးခဲ့ရပါသေးတယ်။

ဒါပေမယ့် မနေ့ညက ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ အမ်မရာဘတ်ကို သူရဲ့အရင်ပုံစံအတိုင်း ပြန်လည် မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပြိုင်ဘက်အသင်းရဲ့ဘောလုံးပေးပို့မှုတွေကို ဟန့်တားနိုင်ခဲ့သလို ကိုင်စီဒို အန်ဇိုဖာနန်ဒက်ဇ်တို့လို ကောင်းလှပါတယ်ဆိုတဲ့ ချယ်လ်ဆီး ကွင်းလယ်ကိုလည်း ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : UtdDistrict

ဒီလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အမ်မရာဘတ်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “သူ့ခြေစွမ်းတွေက တိုးတက်ကောင်းမွန်လာတယ်။ အံ့ဝင်ခွင်ကျလည်း ဖြစ်လာတယ်။ ပိုပြီး သက်တောင့်သက်သာ ရှိအောင် ကစားလာနိုင်တယ်။”

“ပြီးခဲ့တဲ့ တစ်ပတ် ဂါလာတာစာရေးအသင်းနဲ့ ပွဲစဉ်မှာရော သူကစားတာ ကောင်းမွန်ခဲ့သလို ဒီညမှာလည်း အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အမ်မရာဘတ်ကလည်း သူ့အနေနဲ့ ရာသီအစက ဒဏ်ရာပြသာနာတွေကြောင့် ရုန်းကန်ခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။