ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ယူးထရက်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် တေလာကို အနီးကပ် စောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့အား ခိုင်းစေထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ ဆာဘစ်ဇာ (အငှား) စတဲ့ စီနီယာ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားသလို ဇီဒန်း ၊ မက်ချ်ဘရီ ၊ မိုင်နို စတဲ့ လူငယ်ကြယ်ပွင့်တွေကလည်း သူတို့အသင်းမှာ ရှိနေပါသေးတယ်။

Photo Credit: Team Talk

ဒါပေမယ့် တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့က လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ အခွင့်အလမ်း များနေသလို ဆာဘစ်ဇာရဲ့ အနာဂတ်ကလည်း မရေရာသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ လူငယ် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် အမေရိကန် လူငယ်ကြယ်ပွင့် တေလာက ယခုနှစ် ဘောလုံးရာသီမှာ နယ်သာလန်ကလပ် ယူးထရက်နဲ့အတူ တောက်ပနေပြီး တေလာဟာ ယူးထရက်အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ်လည်း ရရှိထားပါတယ်။

Photo Credit: Team Talk

တေလာက ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ညာနောက်ခံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိပြီး သူက ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို သူ့ရဲ့ ဘောလုံးကို လိုချင်တဲ့ နေရာဆီ ကွက်တိရောက်အောင် ပေးပို့နိုင်စွမ်းလည်း ရှိတာကြောင့် ဒီဂျောင်လက်သစ်လို့ နာမည်ကြီးနေသူပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က တေလာရဲ့ ခြေစွမ်းကို အထူးသဘောကျနေပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ဖြစ်တဲ့ ယူးထရက်ရဲ့ တာဝန်ရှိသူတွေကလည်း တေလာကို ခေါ်ယူသင့်ကြောင်း ထောက်ခံနေကြတာကြောင့် မန်ယူကင်းထောက်တွေကို တေလာရဲ့ ခြေစွမ်းအား အနီးကပ် အကဲခတ်ကြည့်ကြဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

တေလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘိုင်ယန်မြူးနစ် လူငယ်အသင်း ကနေ ယူးထရက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်တာကြောင့် ယူးထရက်ကတော့ တေလာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် တောင်းဆိုနိုင်ကြောင်း နယ်သာလန် အခြေစိုက် သတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။