ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ တဂိုးစီ သရေရလဒ်သာ ရခဲ့ပြီးနောက် သူဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ရိုနယ်ဒိုကို သတိရမိကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ချယ်လ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ကစားကွက်ပိုင်းအရ အသာစီး ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီနဲ့ ရက်ဖို့ဒ်တို့ရဲ့ ဂိုးသွင်းမသေချာမှုကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စီမီရိုရဲ့ နောက်ကျချေပဂိုးကြောင့်သာ သရေတမှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာပါ။

Photo Credit: Sky Sports

ချယ်လ်ဆီး ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အန်တိုနီနဲ့ ရက်ဖို့ဒ်တို့ရဲ့ ဂိုးသွင်း မသေချာမှု ၊ ကီပါနဲ့ ဆေးလ်ဗားတို့ ဦးဆောင်နေတဲ့ ချယ်လ်ဆီးနောက်တန်းရဲ့ မာကျော ကျစ်လျစ်မှုတို့ကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း ဒဏ်ရာရနေတဲ့ မာရှယ် ၊ ပြစ်ဒဏ်ပေးထားတဲ့ ရိုနယ်ဒိုတို့ မရှိတာကြောင့် ချယ်လ်ဆီးနဲ့ပွဲမှာ သွင်းဂိုးတွေ လိုအပ်နေချိန် တိုက်စစ်မြှင့်ဖို့ ခက်ခဲခဲ့ပါတယ်။

အဆိုပါပွဲမှာ ချယ်လ်ဆီးအတွက် သွင်းဂိုးကို ပင်နယ်တီ ကနေ တဆင့် အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် နောက်ကျ ချေပဂိုးကိုတော့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စီမီရိုက ခေါင်းတိုက်ကာ ပြန်လည် သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

ပွဲပြီးဆုံးချိန်မှာတော့ တန်ဟက်ဂ်က သူဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ရိုနယ်ဒိုနဲ့ မာရှယ်တို့လို အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေကို လွမ်းဆွတ်မိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့မှာ မာရှယ် မရှိနေသလို ခရစ္စတီယာနိုကလည်း ကျွန်တော်တို့နဲ့အတူ မရှိနေနိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံးက ကျွန်တော်တို့ရဲ့ သွင်းဂိုးအများစုကို သွင်းယူပေးထားသူတွေပါ။ ဒါကြောင့် ကျွန်တော်က သူတို့ကို သတိရမိပါတယ်။ ရိုနယ်ဒိုကို ဒီပွဲရဲ့ လူစာရင်း ကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့ရတာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တခုပါ။ ဒါက သိသာပါတယ်။ ဒါပေမယ့် စည်းကမ်းပျက်မှုတွေ ထပ်မရှိလာအောင် ဒီလိုမျိုး အပြစ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က မကောင်းတဲ့ အပြုအမူ တခုကို ပထမအကြိမ်မှာ ခွင့်လွှတ်ပေးနိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ခွင့်လွှတ်ပေးလို့ မရတော့ပါဘူး။ မဟုတ်ရင် ဒါက အနာဂတ်မှာ အသင်းအတွက် ဒုက္ခများစေမယ့် ကိစ္စတခု ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။