ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဖေဖော်ဝါရီလ ၁ရက်နေ့ကမှ ဘိုင်ယန်မြူးနစ် ကနေ သူတို့အသင်းဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဩစတီးယား ကွင်းလယ်လူ ဆာဘစ်ဇာဟာ မနက်ဖြန်မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားဖို့ ရှိကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက လိုက်ပ်ဇစ်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပလာသူ ဖြစ်ပြီး သူက လိုက်ပ်ဇစ်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့ရတဲ့ အထိ အောင်မြင်ခဲ့ကာ ၂၀၂၁ခုနှစ်မှာတော့ ဆာဘစ်ဇာဟာ လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ် ရောက်ချိန်မှာတော့ ဆာဘစ်ဇာက ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်ရဲ့ တောင့်တင်းလှတဲ့ ကစားသမား အင်အားကြောင့် အရန် ကစားသမား အဖြစ်သာ ကစားခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ချက်ချင်းဆိုသလို လက်ခံခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက်လည်း အဲရစ်ဆင် တယောက် ဒဏ်ရာရသွားချိန်မှာ ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် စတဲ့ ကွင်းလယ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ဆာဘစ်ဇာကို ရလိုက်တာဟာ ကောင်းမွန်တဲ့ အချက်တခု ဖြစ်တာကြောင့် ဆာဘစ်ဇာရဲ့ ရာသီဝက်အငှား အပြောင်းအရွှေ့ဟာ နှစ်ဖက်စလုံး အတွက် သင့်တော်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနဲ့ ၁ရက်သာ လေ့ကျင့်ခန်း ဆင်းထားရသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဆာဘစ်ဇာကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းထားသလို မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲမှာပါ ထည့်သွင်း အသုံးပြုသွားမယ်လို့ ပြောလာပါတယ်။

တန်ဟက်ဂ်က – “ဆာဘစ်ဇာက ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း ၁ကြိမ်ပဲ ဆင်းရသေးပေမယ့် သူက အရမ်းကို ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကစားသမား တယောက် ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူဟာ ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ်။ သူက ပွဲကစားခွင့် ရလောက်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။