ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲဆက် ရှုံးပွဲမရှိခဲ့သလို ပေးဂိုးကလည်း ၄ဂိုးသာ ရှိခဲ့ပြီးနောက် သူတို့အသင်းဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်း ဖြစ်လာပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ကစားခဲ့တဲ့ ပထမဦးဆုံး နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးတဲ့နောက် ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ ၁၆ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၁၂ပွဲ အထိ အနိုင်ရခဲ့ပြီး ၂ပွဲသရေ ၊ ၂ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Mirror

အထူးသဖြင့် နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ သွင်းဂိုး တဂိုးထဲသာ ခွင့်ပြုပေးခဲ့ရပြီး ဂိုးမပေးရတဲ့ပွဲ ၆ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မာတီနက်ဇ်နဲ့ ဒီဂီယာတို့ ဦးဆောင်နေတဲ့ ယူနိုက်တက် ခံစစ်ကြောင်းကို ချီးကျူးမှုတွေ လုပ်ဆောင်ထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း ခံစစ်ကြောင်း တောင့်တင်းလာမှုကြောင့် သူတို့အသင်းဟာ အနိုင်ယူဖို့ ခက်တဲ့ အသင်းတသင်း ဖြစ်လာပြီလို့ ကြွေးကြော်သွားခဲ့ပြီး သူတို့အသင်းဟာ တသင်းလုံးတိုက် ၊ တသင်းလုံး ခံစစ် ဆိုတဲ့ နည်းဗျူဟာကို ကျင့်သုံးတာကြောင့် အခုလိုမျိုး ပေးဂိုးနည်းနေတာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော်တို့က ၁၁ယောက်စလုံး ခံစစ်ဆော့တဲ့ နည်းဗျူဟာကို အသုံးပြုနေတာပါ။ ခရစ္စတီယာနို ကနေ စပြီး လူတိုင်းက ခံစစ်ကို ကူညီကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့အသင်းက အနိုင်ယူဖို့ ခက်တဲ့ အသင်း ဖြစ်လာတာပေါ့။ ကျွန်တော်တို့ အခုလို အနိုင်လိုချင်စိတ် ၊ ပြင်းပျတဲ့စိတ်တို့နဲ့ ဆက်ပြီး ကစားနေသရွေ့ ကျွန်တော်တို့ဟာ အနိုင်ယူဖို့ ခက်တဲ့ အသင်းတသင်း ဖြစ်နေဦးမှာပါ။ ကျွန်တော်တို့က ဒီစိတ်ဓာတ်တွေနဲ့ပဲ ကစားနေကြတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။