ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တချို့ကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သလို မကြာခင်မှာ အသင်းအတွက် ပွဲတွေ ပြန်ကစားပေးနိုင်တော့မယ်လို့ ပရိသတ်တွေကို အသိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသူ တဦး ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာလည်း ခြေစွမ်းတွေ အတော်လေး ဆိုးရွားခဲ့သလို သူ့ရဲ့ အမှားကြောင့် ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးတွေလည်း အတော်ကို များခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က မက်ဂွိုင်းယားအား သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ခွင့်ရက်တချို့ ပေးခဲ့ပြီး မက်ဂွိုင်းယားကလည်း သူ ရရှိတဲ့ ခွင့်ရက်တွေမှာ မိသားစုနဲ့အတူ အပန်းဖြေခရီး ထွက်တာ ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးတာ ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုရလာအောင် လေ့ကျင့်မှု လုပ်တာ စတဲ့ အချက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

မက်ဂွိုင်းယားက အနားယူနေရာ ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း အဓိက ခံစစ်မှူး တဦး ဖြစ်သူ ဗာရန်း တယောက် ဒဏ်ရာရသွားချိန်မှာ မက်ဂွိုင်းယားဟာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ ပရိသတ်တွေဆီ သတင်းကောင်း ပါးလိုက်ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “မက်ဂွိုင်းယား ၊ ဗန်ဒီဘိခ်နဲ့ ဘစ္စကာတို့ အားလုံးက အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပါပြီ။ သူတို့က မနက်ဖြန် ကစားမယ့် ပွဲအတွက် (ရှရစ်ဖ်နဲ့ပွဲ) လေ့ကျင့်နေကြပါတယ်။ လေ့ကျင့်မှုတွေ ပြီးရင်တော့ ကျွန်တော်က သူတို့ကို ကစားခွင့် ပေး ၊ မပေး ဆုံးဖြတ်ပါမယ်။ မက်ဂွိုင်းယားက အသင်းအတွက် အရေးပါတဲ့ ကစားသမား တဦးပါ။ အခု သူက ပြန်လာပြီ ဖြစ်တာကြောင့် မကြာခင်မှာ သူ့ကို ကျွန်တော်တို့ရဲ့ ပွဲတွေမှာ ပြန်မြင်ရပါတော့မယ်။ အင်္ဂလန်အသင်းကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေမယ် ဆိုတာ သိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။