နယ်သာလန် ထိပ်သီးအသင်း အေဂျက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အေဂျက်ကို စွန့်ခွာပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက် ချထားကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

နယ်သာလန်လူမျိုး နည်းပြတဦး ဖြစ်သူ တန်ဟက်ဂ်ဟာ ငွေကြေးများစွာ မသုံးစွဲပဲ အေဂျက်ကို ဥရောပရဲ့ အင်အားကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ဦးဆောင်ပေးထားနိုင်သူ တဦး ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ အေဂျက်က ဒီလစ် ၊ ဒီဂျောင် ၊ ဗန်ဒီဘိခ် ၊ ဇီယက်ဇ် စတဲ့ ကစားသမားတွေကို မွေးထုတ်နိုင်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိပါ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် ယခုနှစ် ဘောလုံးရာသီမှာလည်း တန်ဟက်ဂ်ရဲ့ အေဂျက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အသင်းတသင်း အဖြစ် အစွမ်းပြနေသလို အေဂျက်ရဲ့ ကစားပုံက အတော်လေးကို ဆွဲဆောင်နိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိမှာ ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့ အစီအစဉ် ရှိနေပြီး တန်ဟက်ဂ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် နည်းပြတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ Sami Mokbelရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရည်မှန်းထားပြီး အင်္ဂလန်မြေဆီ ပြောင်းရွှေ့လာချိန်မှာ အထောက်အကူ ဖြစ်နိုင်ဖို့ အတွက် အင်္ဂလိပ်စာကိုပါ စတင် သင်ယူနေကြောင်း သိရပါတယ်။

နယ်သာလန် အခြေစိုက် သတင်းဌာနတွေကလည်း တန်ဟက်ဂ်အနေနဲ့ အင်္ဂလိပ်စာ စတင် သင်ယူနေကြောင်းကို အတည်ပြုပေးထားပြီး တန်ဟက်ဂ်က အေဂျက်ဘုတ်အဖွဲ့နဲ့ တွေ့ဆုံကာ ရာသီကုန်မှာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ပါ တောင်းဆိုထားကြောင်း ဆိုပါတယ်