မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ပြီး ပွဲကစားခွင့်တွေပါ ပေးသွားချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ သူရဲ့အမှုကိစ္စတွေကြောင့် ယူနိုက်တက်မှာ ဘောလုံးပြန်ကစားဖို့အတွက် ကန့်ကွက်မှုတွေ ရှိနေခဲ့ရာကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : The Sun

စပိန်မြေမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် အသက်လက်တီကိုတို့လို လာလီဂါ အင်အားကြီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး လာမယ့်နွေမှာ ကမ်းလှမ်းဖို့ပါ ပြင်ဆင်လာကြပါတယ်။

လက်ရှိမှာလည်း ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေသေးပြီး ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ကလည်း ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်တစ်ခု ချမှတ်သွားမယ်လို့ပါ အင်တာဗျူး အစီအစဉ်မှာ ဖြေဆိုထားပါသေးတယ်။

Photo Credit : The Sun

လက်ရှိမှာလည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဂရင်းဝုဒ်ကို အသင်းရဲ့ ကစားသမားစာရင်းထဲကို ပြန်လည် ထည့်သွင်းချင်နေပြီး တကယ်လို့ ယူနိုက်တက်ဘက်ကသာ သူ့အတွက် ဒုတိယ အခွင့်အရေး ပေးမယ်ဆိုရင် ဂရင်းဝုဒ်အနေနဲ့ကလည်း ယူနိုက်တက်အသင်းဆီ ချက်ချင်း ပြန်လည် ပူးပေါင်းလိမ့်မယ်လို့ သိရပါတယ်။

ယူနိုက်တက် ပရိသတ်တွေ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေနဲ့ အမျိုးသမီး အသင်းတာဝန်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမယ့် ဂရင်းဝုဒ်ကတော့ သူ့ကို ယုံကြည်လျက် ရှိနေတဲ့ အသင်းပရိသတ်တွေနဲ့ အသင်းနည်းပြ တန်ဟက်ဂ်တို့အတွက် ပြန်ပေးဆပ်သွားချင်နေတယ်လို့လည်း သိထားရပါတယ်။