မနေ့ညကပဲ အေဂျက်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ချက်ချင်း free agent player ဖြစ်သွားခဲ့ရတဲ့ ဆာဘီးယား ကစားသမား ဒူဆန် တာဒစ်ကို သူရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ရှိနေတယ်လို့ ယူနိုက်တက် ပရိသတ် အများအပြားက ယုံကြည်နေကြပါတယ်။

လက်ရှိမှာ အသက် (၃၄)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆာဘီးယား လက်ရွေးင် ကစားသမား တာဒစ်ဟာ ဘယ်တောင်ပံ ညာတောင်ပံ နေရာတွေကို ကစားတတ်သူဖြစ်ပြီး လိုအပ်ရင်လည်း တိုက်စစ်မှူးအဖြစ် ကစားတတ်သူလည်း ဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသေးတဲ့ တာဒစ်က ၂၀၁၈ခုနှစ်မှာပဲ တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အေဂျက်စ်မှာ စွမ်းဆောင်ရည်ကောင်းတွေ အတော်လေး ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် လက်ရှိမှာတော့ တာဒစ်က အေဂျက်စ်အသင်းနဲ့ ရုတ်တရက် စာချုပ်ဖျက်သိမ်းလိုက်တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရပြီး ဒီလို အခြေအနေမှာ တာဒစ်ကို သူ့ဆရာသမားဟောင်း တန်ဟက်ဂ်က ကာလတို စာချုပ်နဲ့ ယူနိုက်တက်ဆီ ခေါ်ဆောင်နိုင်တယ်လို့ သုံးသပ်လာခဲ့ကြပါတယ်။ ယူနိုက်တက်က လက်ရှိမှာ ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူထားပြီး ဂိုးသမား နေရာအတွက် အင်တာက အိုနာနာကို တောက်လျှောက် ကြိုးပမ်းလျက် ရှိနေရာ အိုနာနာသာ ရောက်လာခဲ့မယ်ဆိုရင် ဒီနွေ အသင်းရဲ့ အသုံးစရိတ်က ထပ်သုံးစွဲလို့ မရတော့လောက်အောင် ဖြစ်သွားရဖွယ် ရှိနေပါတယ်။

Photo Credit : L’Equipe

အသင်းကနေလည်း ကစားသမားတွေ ပြန်လည် ရောင်းချဖို့ ခက်ခဲနေတဲ့ အချိန်မျိုးမှာ တာဒစ်လို တန်ဟက်ဂ် လက်အောက်မှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်မှာလည်း ကျင်လည်ဖူးတဲ့ နေရာစုံမှာလည်း အသုံးပြုလို့ရနိုင်တဲ့ အလွတ်နဲ့လည်း ခေါ်ယူလို့ ရနိုင်တဲ့ ကစားသမားမျိုးကို တန်ဟက်ဂ်က ရေတိုသဘောနဲ့ ခေါ်ယူနိုင်တယ်လို့ အသင်းပရိသတ်တွေက ယုံကြည်နေပါတယ်။