ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အမှားများလာတဲ့ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကြောင့် အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာကို လုပ်ခလစာ လျှော့ချကာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပဏာမ သဘောတူညီမှု ရရှိထားပေမယ့် ယခုနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ဒီဂီယာက အမှားအယွင်းတွေ အတော်လေး လုပ်မိနေတာကြောင့် ဒီဂီယာနဲ့ ပတ်သတ်ပြီး သူတို့အသင်းရဲ့ ယူဆချက်တွေကို ပြန်လည် သုံးသပ်နေပါတယ်။

Photo Credit: Football Transfer

ဒီဂီယာက ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ အများဆုံး ဂိုးသမား အဖြစ် မှတ်တမ်းဝင်နေပေမယ့် တချိန်ထဲမှာပဲ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ကာကွယ်မှု အနည်းဆုံး ဂိုးသမား ၅ဦး စာရင်းထဲ ဝင်ရောက်နေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးပေးပို့မှု အဆိုးရွားဆုံး ဂိုးသမား ၅ဦး စာရင်းထဲလည်း ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဘောလုံးရာသီမှာ ဒီဂီယာကို နံပါတ်၁ ဂိုးသမား အဖြစ် ဆက်ထားဖို့ သံသယ ရှိလာကြသလို မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း သူ တည်ဆောက်နေတဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ အံမဝင်တဲ့ ဒီဂီယာကို တခြား အရည်အသွေးမြင့် ဂိုးသမား တဦးနဲ့ အစားထိုးဖို့ စတင် စဉ်းစားလာပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ရဲ့ တပည့်ဟောင်း တဦး ဖြစ်သလို အင်တာမီလန်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသနေတဲ့ အိုနာနာကို သူတို့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး အိုနာနာကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ အင်တာမီလန်ကို စွန့်ခွာဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

အိုနာနာက ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ အင်တာမီလန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ဂိုးသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အပြင် ချယ်လ်ဆီးကလည်း အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ အင်တာမီလန်ကတော့ အိုနာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ၃၀သန်းကြား ပမာဏ တရပ် လိုချင်နေပါတယ်။