ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဘစ္စကာတို့ရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် ပီအက်စ်ဂျီရဲ့ အဓိက ညာနောက်ခံလူ ဟာခီမီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဂျာကွေး တယ်ဘော့ဂ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာ အတွက် ဘစ္စကာ ၊ ဒါးလော့နဲ့ အီသန် လီယက်ဒ်တို့ကို ပိုင်ဆိုင်ထားပေမယ့် ဒါးလော့ တဦးထဲသာ အဲရစ် တန်ဟက်ဂ်ရဲ့ တိုက်စစ် အသားပေး ကစားဟန်အတိုင်း လိုက်လံ ကစားနိုင်ပြီး ဒါးလော့ရဲ့ ခြေစွမ်းကလည်း ယုံကြည် စိတ်ချရတဲ့ အနေအထားမျိုးမှာ မရှိတာကြောင့် တန်ဟက်ဂ်က သူ့အသင်း အတွက် တိုက်စစ်လိုက်ပါမှု အားကောင်းတဲ့ ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပီအက်စ်ဂျီ ညာနောက်ခံလူ ဟာခီမီ ၊ လန်းစ် ညာနောက်ခံလူ ကလော့စ်နဲ့ အင်တာမီလန် ညာနောက်ခံလူ ဒရမ်ဖရိုင်းတို့ကို စောင့်ကြည့်နေပေမယ့် အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ခံစစ်မှူးကတော့ ဟာခီမီသာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဂျာကွေး တယ်ဘော့ဂ်က ဆိုပါတယ်။

တယ်ဘော့ဂ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဟာခီမီရဲ့ ခြေစွမ်းကို အတော်လေး နှစ်ခြိုက် သဘောကျသူ ဖြစ်ပြီး ဟာခီမီရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းတွင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဟာခီမီကို ခေါ်ယူနိုင်ဖို့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိတာကြောင့် သူတို့အသင်းရဲ့ လက်ရှိ ဘတ်ဂျက်အနေအထား အရ ဟာကင်မီကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီး လန်းစ် ညာနောက်ခံလူ ကလော့စ်ကသာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာဖို့ အနီးစပ်ဆုံး အနေအထား တရပ်မှာ ရှိနေပါတယ်။

အသက် ၂၃နှစ် အရွယ် မော်ရိုကို ညာနောက်ခံလူ ဟာခီမီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်တာမီလန်ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၆၆.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သလို ပီအက်စ်ဂျီနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။