မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ဒီတစ်ကြိမ် မန်ချက်စတာဒါဘီ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ မြို့ခံကလပ် မန်စီးတီးအသင်းကို အနိုင်ယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

ယူနိုက်တက်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို (၃)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုရင်း ခက်ခက်ခဲခဲ ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူရင်း ကျော်ဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ဆီမီးမှာ ချယ်လ်ဆီးအသင်းကို ဘာနာဒို ဆေးလ်ဗားရဲ့ ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။

Photo Credit : The Independent

ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အက်ဖ်အေဖလား ဖိုင်နယ်မှာ တွေ့ဆုံဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ဟာ ဒီရာသီရဲ့ အက်ဖ်အေဖိုင်နယ်မှာလည်း ထပ်မံ တွေ့ဆုံနေပြန်ပြီး ဒီတစ်ကြိမ် ဆုံတွေ့မှုဟာလည်း အလွန် စိတ်ဝင်စားစရာကောင်းနေရပါတာယ်။

မန်ချက်စတာဒါဘီ အက်ဖ်အေဖိုင်နယ်ပွဲနဲ့ ပတ်သက်ပြီး နည်းပြတန်ဟက်ဂ်က “ကျွန်တော် ဒီဖိုင်နယ်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ယူသွားချင်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပေမယ့်လည်း ဒီဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရဖို့အတွက် အခွင့်အရေးကောင်းတွေ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။”

Photo Credit : Xinuha

 

“ဒီနှစ်ဘောလုံးရာသီထဲ ကျွန်တော်တို့အသင်းက အတက်အကျတွေများခဲ့ပြီး ခက်ခဲကြမ်းတဲ့ ရာသီလည်း ဖြစ်ခဲ့တယ်။ တကယ်လို့ အက်ဖ်အေဖလား ရရှိခဲ့မယ်ဆိုရင် ဒါကို ဒီရာသီအတွက် အောင်မြင်မှုလို့ မသတ်မှတ်နိုင်ပါဘူး။ ကျွန်တော်တို့က အဲ့ဒီထက်မကကို ဆုဖလားတွေ ရယူသွားချင်တာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လာမယ့် မေလ (၂၅)ရက် ဝင်ဘလေကွင်းမှာ ကျင်းပသွားမယ့် မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲက မန်ချက်စတာ နှစ်သင်းလုံးအတွက် သေချာပေါက် အရေးပါတဲ့ပွဲစဉ် ဖြစ်နေမှာ သေချာပြီး ယူနိုက်တက်ကလည်း မနှစ်ကရာသီ ရှုံးကြွေးကို ပြန်ဆပ်သွားဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။