မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အပေါ် ဘယ်တုန်းကမှ နောင်တရနေမှာ မဟုတ်ပဲ ယူနိုက်တက်မှာပဲ ပျော်ရွှင်လျက် ရှိနေတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံးရာသီမှာပဲ ယူနိုက်တက်ကို လိဂ်ဖလား ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူပေးခဲ့သလို အက်ဖ်အေဖလားမှာလည်း ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

တန်ဟက်ဂ်ဟာ ယူနိုက်တက် နည်းပြအဖြစ် ဆောင်ရွှက်နေစဉ်အတွင်း (၂)ရာသီဆက်တိုက်အထိ အက်ဖ်အေဖလား ဖိုင်နယ်ထိ ပို့ဆောင်ထားခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ သူ့အသင်းရဲ့ ရလဒ်တွေ ခြေစွမ်းပိုင်းတွေက ကျဆင်းနေရပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ရနိုင်တဲ့ အခြေအနေတွေနဲ့ပါ ကြုံတွေ့နေရပါတယ်။

ဒီလို အခြေအနေမှာ တန်ဟက်ဂ်ရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်လာခဲ့ပြီး တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်စေချင်တဲ့သူတွေလည်း အလွန် များပြားလာခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်ကတော့ သူ့အနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ရတဲ့အပေါ် လုံးဝ နောင်တရခြင်း ရှိမနေဘူးလို့ တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : DAZN

“မန်ချက်စတာ ယူနိုက်တက်ဟာ ကြီးမားတဲ့ ကလပ်အသင်း တစ်သင်းဖြစ်လို့ ခင်ဗျားအနေနဲ့ ဒီအသင်းဆီ ပထမဆုံးအကြိမ် ရောက်လာချိန်မှာ ရင်ဆိုင် ကြုံတွေ့ရမယ့် အရာတွေက အများကြီး ရှိနေမယ်ဆိုတာကို နားလည် သဘောပေါက်ထားရပါမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်သွားချင်ပါတယ်။”

“ဒီအသင်းဆီ ရောက်ကတည်းက ဒီအသင်းနဲ့ ပူးပေါင်းခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စက္ကန့်လေးတောင် နောင်တရခြင်း မရှိခဲ့ပါဘူး။ ကျွန်တော် ဒီမှာ ရှိနေရတာကိုပဲ တကယ် ပျော်ရွှင်မိပါတယ်။” လို့ တန်ဟက်ဂ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပေမယ့်လည်း တန်ဟက်ဂ်ကတော့ သူနဲ့ ယူနိုက်တက်တို့ကြား ချုပ်ဆိုထားတဲ့ ၂၀၂၅ခုနှစ်အထိ အသင်းမှာ ဆက်ရှိသွားဖို့အတွက် ဆန္ဒပြင်းပြလျက် ရှိနေပါတယ်။