နယ်သာလန် အင်အားကြီးအသင်း ဖြစ်တဲ့ အေဂျက်အသင်းရဲ့ နည်းပြဖြစ်သူ တန်ဟက်ကတော့ သူဟာ အေဂျက်အသင်းမှာ ပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့လို့ ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် နည်းပြတွေထဲမှာ အေဂျက်အသင်းနဲ့ အတူ တောက်ပနေတဲ့ တန်ဟက်လည်း ပါဝင်ပါတယ်။

Photo Credit: The Times

နယ်သာလန်လူမျိုး နည်းပြတဦး ဖြစ်သူ တန်ဟက်ဟာ အေဂျက်အသင်းကို ပြည်တွင်းလိဂ်မှာ ပြိုင်ဘက်ကင်း အသင်းတသင်း ဖြစ်အောင် စွမ်းဆောင်ပေးထားသလို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စွမ်းဆောင်ရည် အကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်အောင် ဦးဆောင်ပေးထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေက တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပါ။

တန်ဟက်ကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပေမယ့် တန်ဟက်ဟာ အေဂျက်အသင်းကို ရာသီဝက် ကာလမှာ မစွန့်ခွာချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ တန်ဟက်ကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ချင်ပါက ရာသီကုန် အထိ စောင့်ဆိုင်းရဖို့ ရှိပါတယ်။

Photo Credit: The Times

ဘက်ဆစ်တပ်အသင်းနဲ့ အေဂျက်အသင်းတို့ရဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်က သူဟာ အေဂျက်အသင်းမှာ ပျော်ရွှင်နေသလို လက်ရှိအထိ မန်ချက်စတာ ယူနိုက်တက်အသင်းဆီမှ ကမ်းလှမ်းမှု တစုံတရာ မရရှိသေးကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်လို ထိပ်တန်းအသင်း တသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိလို့ ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တန်ဟက်က – “မန်ချက်စတာ ယူနိုက်တက်လိုမျိုး အသင်းကြီး တသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိတဲ့ အတွက် ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုချိန်မှာ အေဂျက်အသင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ဘယ်သူကမှလည်း ကျွန်တော့်ဆီကို ဆက်သွယ်မှုတွေ မလုပ်ထားပါဘူး။ ဒါကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ အေဂျက်အသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ပဲ တွေးထားပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။