ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒီရာသီမှာ အသင်းရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခဲ့သလို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်သာ ရထားပါတယ်။

Photo Credit: The Mirror

ရိုနယ်ဒိုက တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို အသင်းက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး ရိုနယ်ဒိုရဲ့ စည်းကမ်းချိုးဖောက်မှုတွေဟာ အနည်းဆုံး ၅ကြိမ် ရှိကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

ရိုနယ်ဒိုက ယမန်နေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာလည်း ပွဲမပြီးခင်မှာပဲ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေကို အသိမပေးပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပြီး အဆိုပါ လုပ်ရပ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ရိုနယ်ဒိုကို အတော်လေး ဒေါသထွက်နေခဲ့ကာ ယမန်နေ့ညမှာပဲ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပြီး ရိုနယ်ဒိုကို အပြစ်ပေးဖို့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။

Photo Credit: The Mirror

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ကလည်း အကြိမ်ကြိမ် စည်းကမ်းချိုးဖောက်ထားတဲ့ ရိုနယ်ဒိုကို အပြစ်ပေးမယ့် တန်ဟက်ဂ်ရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ပြီး တန်ဟက်ဂ်က ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှုကို ရရှိပြီးနောက် ချယ်လ်ဆီးနဲ့ ကစားရမယ့် ပွဲအတွက် ပြင်ဆင်နေတဲ့ လူစာရင်းထဲ ကနေ ရိုနယ်ဒိုကို ထုတ်ပယ်ခဲ့သလို နောက်ထပ် ကြီးမားတဲ့ အပြစ်ပေးမှု တခု အဖြစ် ရိုနယ်ဒိုကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်လိုက်ပါတယ်။

နာမည်ကြီး သတင်းထောက် တချို့ရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်က ရိုနယ်ဒိုကို အသင်းရဲ့ လူစာရင်းထဲ ကနေ ထုတ်ပယ်ခဲ့ရုံသာမကပဲ နောက်ထပ် ၃ရက်တိတိ အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်လိုက်ပြီး ရိုနယ်ဒိုဟာ အဆိုပါ ၃ရက်စလုံးမှာ သူတယောက်ထဲသာ လေ့ကျင့်ခန်း ဆင်းရမယ်လို့ သိရပါတယ်။