ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFL Cup တတိယအဆင့် ပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီး အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုကို ယခုပုံစံအတိုင်း ဆက်လက် ကြိုးစားဖို့နဲ့ ကြိုးစားနေသရွေ့ ဂါနာချိုကို ပွဲထွက် ကစားသမား အဖြစ် ဆက်လက် အသုံးပြုသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က EFL Cup တတိယအဆင့် ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရှုံးပေးထားရတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပေမယ့် လူစားဝင် ကစားသမားလေး ဂါနာချိုရဲ့ ခြေစွမ်းကောင်းတွေကြောင့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ စတုတ္ထအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ဧည့်သည် ဗီလာက သူတို့ရဲ့ ထုံးစံအတိုင်းပဲ မာမာထန်ထန် ကစားသွားခဲ့ပြီး တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့သလို ပွဲချိန် ၄၈မိနစ်နဲ့ ၆၁မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘရူနို ဖာနန်ဒက်ဇ် ပြန်ပါလာတဲ့ မန်ချက်စတာ ယူနိုက်တက်က အရင်ပွဲနဲ့ မတူပဲ ဂိုးသွင်းခွင့်တွေ အမြောက်အမြား ဖန်တီးနိုင်ခဲ့ပြီး ပွဲချိန် ၄၉မိနစ်မှာ မာရှယ်က ဖာနန်ဒက်ဇ်ရဲ့ ပေးပို့မှုကနေ ပထမ ချေပဂိုး သွင်းယူပေးခဲ့သလို ပွဲချိန် ၆၇မိနစ်မှာလည်း ရက်ဖို့ဒ်က ဗီလာခံစစ်မှူးတွေရဲ့ ရှင်းထုတ်ပုံ မပြတ်သားမှုကြောင့် ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

တဖက် ၂ဂိုးစီ သရေကျခဲ့ပြီးနောက် ပွဲက ပိုမြိုင်လာခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်ဇ်က လူစားဝင် လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ ပေးပို့မှုကို အကောင်းဆုံး အသုံးချကာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးပြီလို့ ထင်မှတ်နေချိန်မှာပဲ ဂါနာချိုရဲ့ ဘယ်တောင်ပံ ကနေ အမြင့်ဘော ပေးပို့မှုကို တော်မီနေးက ပွဲချိန် ၉၀+၁မိနစ်မှာ အလိုက်သင့် ပိတ်သွင်းကာ ယူနိုက်တက် အတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၄-၂ ဗီလာ ပွဲအပြီးမှာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ယူနိုက်တက်ရဲ့ တိုက်စစ်အား ဦးဆောင်ကစားခဲ့တဲ့ ရက်ဖို့ဒ်က ရရှိသွားခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ လူစားဝင်လာကာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုကို ချီးကျူးမှုတွေ ပြုလုပ်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကလည်း ဂါနာချိုရဲ့ ခြေစွမ်းနဲ့ ကြိုးစား အားထုတ်မှုကို သဘောကျကြောင်း ထုတ်ပြောလာသလို ဂါနာချိုသာ ဒီလို ခြေစွမ်းဆက်ပြနေရင် အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် ဆက်ကစားခွင့် ရလိမ့်မယ်လို့လည်း ဆိုပါတယ်။ တန်ဟက်ဂ်က – “ဂါနာချိုက ပွဲထွက်ခွင့် ဆက်ရမလား ၊ မရဘူးလား ဆိုတာဟာ သူ့အပေါ်ပဲ မူတည်နေပါတယ်။ တကယ်လို့ သူသာ ဆက်ကြိုးစားနေမယ်။ အခုလိုမျိုး မှန်ကန်တဲ့ စိတ်ထားမျိုးကို ဆက်ထားနိုင်မယ် ဆိုရင် သူက ပွဲထွက်ခွင့်တွေ ဆက်တိုက် ရနိုင်ပါတယ်။ သူက နေ့တိုင်း ပိုပို တိုးတက်လာအောင် ဆက်ကြိုးစားသွားဖို့ပဲ လိုအပ်တာပါ” လို့ ပြောကြားသွားခဲ့တာပါ။