ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေရာ နယ်သာလန် ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်တဲ့ ပီအက်စ်ဗွီ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုနဲ့ လေဗာကူဆင် ညာနောက်ခံလူ ဖရင်းပေါင်တို့ကို ခေါ်ယူရန် မျက်စိကျနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းကျော် သုံးစွဲကာ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီ ၊ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး ၊ ဗဟိုနောက်ခံလူ မာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို ခေါ်ယူခဲ့သလို ဒိန်းမတ် ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကိုလည်း အလွတ်နဲ့ ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit: The Sun

နွေဈေးကွက် အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးက အချိန်တို အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ထောက်တိုင် ကစားသမားတွေ ဖြစ်လာခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက် အတွင်းမှာလည်း ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ စဉ်းစားထားပြီး နယ်သာလန် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂတ်ပိုနဲ့ ဖရင်းပေါင်တို့ နှစ်ဦးစလုံးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်တွေ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံ ၂၂ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ ပီအက်စ်ဗွီက ဂတ်ပိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း နာမည်ကြီး နယ်သာလန် သတင်းဌာန တခု ဖြစ်တဲ့ Telegraaf သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် ညာနောက်ခံလူ ဖရင်းပေါင်က ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင်ရဲ့ ခြေစွမ်းအကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လေဗာကူဆင်က ရလဒ်တွေ ဆိုးရွားနေပေမယ့် ဖရင်းပေါင်ကတော့ ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ တန်ဟက်ဂ်က ခြေစွမ်းပြနေတဲ့ ဂတ်ပိုနဲ့ ဖရင်းပေါင်တို့ နှစ်ဦးစလုံးကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ဆောင်ဖို့ မျက်စိကျနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုနဲ့ ဖရင်းပေါင်တို့ နှစ်ဦးပေါင်း အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲရနိုင်ကြောင်း နယ်သာလန် အခြေစိုက် သတင်းထောက်တွေက သုံးသပ်ထားကြပါတယ်။