ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်က အကယ်၍ သူတို့အသင်းကသာ ယခု နွေဈေးကွက် အတွင်းမှာ အင်တာမီလန် ဂိုးသမား အိုနာနာကို မခေါ်နိုင်ခဲ့ရင် ရှိရင်းစွဲ ဂိုးသမား တဦး ဖြစ်သူ ဒင်း ဟန်ဒါဆန်ကို နံပါတ်၁ ဂိုးသမား အဖြစ် အသုံးပြုသွားမယ်လို့ မန်ချက်စတာ ယူနိုက်တက် ၂-၀ လိဒ်ယူနိုက်တက် ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ လမ်းခွဲခဲ့ပြီးနောက် ဒီဂီယာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အင်တာမီလန်ရဲ့ နံပါတ်၁ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အိုနာနာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရယူထားနိုင်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အိုနာနာအတွက် အင်တာမီလန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပဲ နှစ်သင်းစလုံးက အိုနာနာရဲ့ အပြောင်းအရွှေ့ အတွက် အကြိတ်အနယ် ဆွေးနွေးနေကြပေမယ့် လိုချင်တဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်း အထိ လိုချင်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်က အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်းနဲ့ အင်တာမီလန်ဟာ လာမယ့် ၂၄နာရီ အတွင်း မန်ချက်စတာ ယူနိုက်တက်ဆီ ကနေ အိုနာနာ အတွက် တရားဝင် ကမ်းလှမ်းမှု မရောက်လာရင် အိုနာနာကို အသင်းမှာပဲ ဆက်ထားသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Tribuna

မန်ချက်စတာ ယူနိုက်တက်က အိုနာနာရဲ့ အပြောင်းအရွှေ့ အတွက် အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေသေးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဂိုးသမားနေရာ အတွက် စိတ်ပူစရာ မလိုကြောင်းနဲ့ အိုနာနာကိုသာ မရခဲ့ရင် ဟန်ဒါဆန်ကို နံပါတ်၁ ဂိုးသမား အဖြစ် သုံးစွဲဖို့ စီစဉ်ထားကြောင်း ဆိုလာပါတယ်။

အိုနာနာကိုသာ မရခဲ့ရင် ဟန်ဒါဆန်ကို နံပါတ်၁ ဂိုးသမား အဖြစ် မြင်တွေ့ရမလား ဆိုတဲ့ မေးခွန်းအပေါ် တန်ဟက်ဂ်က – “သေချာတာပေါ့။ သူက ကျွန်တော်တို့ရဲ့ နံပါတ်၁ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံးမှာ ဟန်ဒါဆန်ရဲ့ အခြေအနေကို အမြဲတမ်း စောင့်ကြည့် အကဲခတ်ခဲ့တာပါ” လို့ ဖြေကြားရင်း ဟန်ဒါဆန်ကို နံပါတ်၁ ဂိုးသမားနေရာ ပေးဖို့ စီစဉ်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။