ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)မှာ လက်စတာ စီးတီးကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် စဉ်းစားထားတာမျိုး မရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နေရာကို ရယူထားနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲစဉ်(၂၄) အဖြစ် ဘရန်ဒန် ရော်ဂျာရဲ့ လက်စတာ စီးတီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ တန်ဟက်ဂ်က အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင်ရဖို့ အတွက် အားထုတ်သွားခဲ့ပါတယ်။

Photo Credit: Keep Up

မန်ချက်စတာ ယူနိုက်တက် ၃-၀ လက်စတာ စီးတီး ပွဲစဉ်ရဲ့ ပွဲအစပိုင်းမှာ လက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ဘက်ကို ထိုးဖောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မန်ချက်စတာ ယူနိုက်တက်ကပဲ ပွဲကို စိုးမိုးသွားနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ၂ဂိုးနဲ့ လူစားဝင် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။

လက်စတာ စီးတီးကို ဂိုးပြတ်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အဆင့်(၂)နေရာမှာ ရှိနေတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ်သာ ကွာဟတော့သလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ်သာ ကွာဟတော့တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့က မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲထဲမှာ ပါဝင်လာပြီလို့ သုံးသပ်နေကြပါတယ်။

Photo Credit: Keep Up

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မမျှော်မှန်းထားသေးပဲ တပွဲချင်းစီသာ အာရုံစိုက်ထားကာ တနေ့ထက် တနေ့ ပိုကောင်းအောင်ပဲ ကြိုးစားနေကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ချန်ပီယံဆု အတွက် တွေးထားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့က မနက်ဖြန် အတွက်ပဲ စဉ်းစားပါတယ်။ ကျွန်တော်တို့က မနက်ဖြန်မှာ ဒီနေ့ထက် ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်နေရပါမယ်။ ကျွန်တော်တို့က အဲ့ဒီလို တိုးတက်လာအောင်ပဲ ကြိုးစားနေကြတာပါ။ ကျွန်တော်တို့က အခုမှ ဖေဖော်ဝါရီလထဲမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် ချန်ပီယံဆုလို အရာမျိုးကို မမျှော်မှန်းထားသေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။