ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လာမယ့်ရာသီသစ် အတွက် ပြင်ဆင်မှု တရပ် အဖြစ် အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ကာရာဘောင်းချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး ယူနိုက်တက်မှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက မာရှယ်နဲ့ ဗက်ဟော့စ်တို့ (အငှား) နှစ်ဦးထဲသာ ရှိပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ယူနိုက်တက်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းတို့ထံ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်နဲ့လည်း နီးစပ်တဲ့ ဆမ်မြူရယ် လက်ဟော့စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အတ္တလန်တာကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး တန်ဟက်ဂ်နဲ့ ဟွိုက်လန်းတို့ဟာ Video Callတွေ ခေါ်ကာ စကားပြောဆိုမှုတွေတောင် လုပ်ပြီးပြီလို့ သိရပါတယ်။

Photo Credit: Metro

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း လူသိရှင်ကြား ဖွင့်ဟ ဝန်ခံထားသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အတ္တလန်တာကတော့ ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင်သာ သုံးစွဲချင်နေပါတယ်။