ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ပြိုင်ဘက် ဘရိုက်တန်ကို အနိုင်ရခဲ့ပေမယ့် အဆင့်(၈)နဲ့သာ ရာသီသိမ်းနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့နောက် အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက ခံစစ်မှူးတွေ အကုန်လုံး တရာသီလုံးနီးပါး ဒဏ်ရာရနေတဲ့ အချက်ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်က အဓိက ကစားသမားတွေ ပြန်လည် ပါဝင်လာတဲ့ အချိန်တွေမှာ ရလဒ်တွေ ပြန်ကောင်းတတ်ပေမယ့် မာတီနက်ဇ် ၊ ဗာရန်း ၊ လုခ်ရှော ၊ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊ မာလာစီယာ စတဲ့ အားကိုးရတဲ့ ခံစစ်မှူးတွေဟာ မကြာခဏ ဒဏ်ရာရနေတာကြောင့် ရလဒ်တွေ ဆက်တိုက် ဆိုးဝါးခဲ့ပြီး အမှတ်ပေးဇယားမှာလည်း ရပ်တည်မှုက ထိုးဆင်းသွားခဲ့ပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီပိတ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ကစားရခက်တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ကလည်း အနိုင်ရလဒ်တွေ အသီးသီး ရခဲ့တာကြောင့် အဆင့်(၈)နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: BBC

အဆင့်(၈) ဆိုတဲ့ ရပ်တည်ချက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ ရပ်တည်မှု ဖြစ်နေတာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ် အပါအဝင် တသင်းလုံးက ဝေဖန်မှုတွေ ခံနေရပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူ အပါအဝင် အသင်းသားတွေ အကုန်လုံးကလည်း အဆင့်(၈)နဲ့သာ ရာသီသိမ်းနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေကြပါတယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဒီထက် ပိုကောင်းတဲ့ အဆင့်ကို ရဖို့ လိုအပ်ပါတယ်။ အဆင့်(၈) ဆိုတာက ကောင်းတဲ့ ရပ်တည်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ခက်ခဲတဲ့ ပြိုင်ပွဲ ဆိုတာ သိကြပါတယ်။ ကျွန်တော်တို့က ဒီရာသီမှာ ရမှတ် ၆၀ ရခဲ့တယ်။ အရင် ၂နှစ်တုန်းဆိုရင် ရမှတ် ၅၈မှတ်နဲ့ အဆင့်(၆)နေရာကို ရခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့က ရမှတ် ၆၀ ရခဲ့ပေမယ့် အဆင့်(၈)နေရာပဲ ရပါတယ်။ အဆင့်(၈)က ကျွန်တော်တို့ အတွက် ကျေနပ်စရာ ရပ်တည်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး စိတ်ပျက်နေကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။