ယခု နွေဈေးကွက်မှာမှ အေဂျက်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နာမည်ကြီး နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂျိမ်းစ်ဂါနာကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ အထင်ကြီး လေးစားမှုတွေကို ရထားတဲ့ လူငယ် ကွင်းလယ်လူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂျိမ်းစ်ဂါနာကို ကာရစ်လက်သစ် အဖြစ် တင်စားထားကြပြီး ဂါနာကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နော်တင်ဟမ် ဖောရက်စ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင်ပါ ကူညီပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာချိန်မှာ ဂါနာဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် အဲရစ် တန်ဟက်ဂ်ကတော့ ဂါနာရဲ့ ခြေစွမ်းတွေကို သဘောမကျခဲ့ပါဘူး။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က ဂါနာကို ယခု နွေဈေးကွက် အတွင်းမှာတင် ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ စပါးနဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ ဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ကလည်း တန်ဟက်ဂ်ဟာ ဂါနာအား ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ယူနိုက်တက်က ဂါနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ပေါင် ၁၇သန်း ဝန်းကျင် လိုချင်နေကြောင်း ဆိုပါတယ်။