ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ယူရိုပါလိဂ် အုပ်စု တတိယပွဲ အဖြစ် ဆိုက်ပရပ်အခြေစိုက် ကလပ် နီကိုးရှားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် လူစားဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နီကိုးရှားနဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့သလို ခြေစွမ်းပိုင်းအရလည်း သိသိသာသာ အသာစီး ရခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေ ဖြုန်းတီးမှု ၊ နီကိုးရှား ဂိုးသမား ဖာဘီယာနိုရဲ့ လက်စွမ်းကောင်းတို့ကြောင့် သွင်းဂိုး ၃ဂိုးသာ ရရှိခဲ့တာပါ။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာဆိုရင် မန်ချက်စတာ ယူနိုက်တက်က နီကိုးရှားဘက်ကို တဖက်သတ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲရဲ့ အဖွင့်ဂိုးကို ရရှိသွားတဲ့ အသင်းဟာ နီကိုးရှား ဖြစ်ပြီး နီကိုးရှားက မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ မာလာစီယာရဲ့ အမှားကနေ တဆင့် တန်ပြန်တိုက်စစ် စတင် နိုင်ခဲ့ရာကနေ ဦးဆောင်ဂိုး ရအောင် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က တန်ပြန်တိုက်စစ် ကနေ တဆင့် နီကိုးရှားကို ဦးဆောင်ဂိုး ပေးလိုက်ရပြီးတဲ့နောက် ပထမပိုင်း အပြီးမှာပဲ ဘယ်ခြမ်းအတွဲ ဖြစ်တဲ့ ဆန်ချိုနဲ့ မာလာစီယာတို့ နှစ်ဦးစလုံးကို ထုတ်ကာ ရက်ဖို့ဒ်နဲ့ လုခ်ရှောတို့ အတွဲကို ထုတ်သုံးခဲ့ပြီး သူ့ရဲ့ လူစားလဲမှုက အလုပ်ဖြစ်ခဲ့ကာ ရက်ဖို့ဒ်ဟာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို လုခ်ရှောကလည်း အသင်းအတွက် အခွင့်အရေး ဖန်တီးမှု တချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ပွဲပြီးဆုံးချိန်မှာတော့ တန်ဟက်ဂ်က သူဟာ ဘာကြောင့် ပထမပိုင်း အပြီးမှာပဲ ဆန်ချိုနဲ့ မာလာစီယာတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ထုတ်ပယ်ခဲ့လဲ ဆိုတာကို ရှင်းပြသွားခဲ့ပြီး ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးမှာ ဘယ်ခြမ်းနေရာ တလျှောက်လုံး တိုးယိုပေါက် ဖြစ်နေမှုကြောင့် လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။

တန်ဟက်ဂ်က – “နီကိုးရှားရဲ့ ဦးဆောင်ဂိုးနဲ့ ပတ်သတ်ပြီး ကျွန်တော် မပျော်ပါဘူး။ ကျွန်တော်တို့က ဘောလုံးကို ရထားပါလျက်နဲ့ ဆုံးရှုံးလိုက်ရပြီး ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရတာကို ကျွန်တော် မကြိုက်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘယ်ခြမ်းအတွဲကလည်း ပထမပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ခံစစ်ဆော့တဲ့ အချိန်တွေမှာ ဘယ်ခြမ်းခံစစ်က တိုးယိုပေါက် ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်က လုခ်နဲ့ မားကပ်တို့ကို ထည့်လိုက်ရင် အသင်းအတွက် ပိုကောင်းမယ်လို့ ယူဆခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က အလုပ်ဖြစ်ခဲ့တာကိုလည်း ခင်ဗျားတို့ မြင်ခဲ့ကြမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။