ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အသင်းရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ခံစစ်မှူး ဟယ်ရီ အမက်စ်ကို ထုတ်သုံးဖို့ စဉ်းစားနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ ဗဟိုနောက်ခံလူ နှစ်ဦး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ကို ဆုံးရှုံးခဲ့ရသလို ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက် အတွက် ဒီရာသီမှာ အားကိုးနေရတဲ့ ဗဟိုနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဗာရန်းနဲ့ အီဗန်စ်တို့က ဒဏ်ရာတွေ ထပ်ရခဲ့ကြပါတယ်။

Photo Credit: Standard

ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်အတွက် ယူနိုက်တက်မှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ဗဟိုခံစစ်မှူးတွေ အဖြစ် ဟယ်ရီ မက်ဂွိုင်းယားနဲ့ လူငယ်ခံစစ်မှူး ကမ်ဘွာလာတို့ နှစ်ဦးထဲသာ ကျန်တော့ပြီး ကမ်ဘွာလာရဲ့ ခြေစွမ်းပိုင်းက စိတ်ချလို့ ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ဘယ်နောက်ခံလူ အမက်စ်ကို အသင်းကြီးဆီ ခေါ်ယူကာ လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေပြီး အမက်စ်ဟာ ယနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး ပွဲထွက်ခွင့်ကို ရရှိဖွယ် ရှိနေပါတယ်။

Photo Credit: Tribuna

ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Scoopရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က အမက်စ်ကို ယခုတပတ်မှာ အသင်းကြီးထံ ခေါ်ယူကာ စီနီယာ ကစားသမားတွေနဲ့ တွဲဖက် လေ့ကျင့်ပေးနေပြီး ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေက ဟယ်ရီ အမက်စ်ရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် အမက်စ်ဟာ လီဗာပူးနဲ့ပွဲမှာ ဝင်ကစားသင့်ကြောင်း ထင်မြင် ယူဆနေတယ်လို့ သိရှိရပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ခံစစ်မှူး ဟယ်ရီ အမက်စ်က ဘယ်နောက်ခံနေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ လူငယ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။