ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ INEOSနဲ့ ယမန်နေ့မှာ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရာ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောမတူညီမှု တချို့ ရှိနေတာကြောင့် မကြာခင်မှာ အသင်းကို စွန့်ခွာရနိုင်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၅၃နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပထမဦးဆုံး ဘောလုံးရာသီမှာတင် မန်ချက်စတာ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား တလုံး ရယူပေးနိုင်ခဲ့ပါတယ်။

တန်ဟက်ဂ်က သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံးရာသီမှာ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလား ငွေတံဆိပ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကို အရယူပေးခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက ကစားသမား အများအပြား ဒဏ်ရာရနေမှုကြောင့် ထင်ထားသလို ရလဒ်ကောင်းတွေ ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အစောကြီး ထွက်ထားရပါတယ်။

Photo Credit: Mirror

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရလဒ်တွေ မတည်ငြိမ်တာကြောင့် ပွဲစဉ်(၂၀) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာ အထိ ရောက်နေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့တဲ့ အနေအထားမျိုးဆီ ရောက်နေပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ် ဦးဆောင်တဲ့ INEOSရဲ့ တာဝန်ရှိသူတွေက ယမန်နေ့မှာ တန်ဟက်ဂ်နဲ့ တွေ့ဆုံကာ အသင်းရဲ့ စီမံကိန်းအသစ် ၊ အနာဂတ် အစီအစဉ် စတဲ့ အရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရော့ဘ် ဒေါ်ဆင်ရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်နဲ့ INEOSရဲ့ ဆွေးနွေးပွဲမှာ INEOSက အပြောင်းအရွှေ့ ကိစ္စတွေမှာ စီမံခန့်ခွဲဖို့ အတွက် အားကစားဒါရိုက်တာနဲ့ လူသစ်ခေါ်ယူရေးဌာနရဲ့ ခေါင်းဆောင်တို့ကို ခန့်အပ်မယ်လို့ တန်ဟက်ဂ်အား အသိပေးခဲ့ပြီး တန်ဟက်ဂ်ကတော့ သူ ရထားတဲ့ အပြောင်းအရွှေ့အာဏာတွေကို လွှဲပေးဖို့ စိတ်ကူးမရှိကြောင်း ပြန်လည် အသိပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Football 365

လက်ရှိမှာတော့ INEOSရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ရဲ့ သဘောထားကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ဆွေးနွေး တိုင်ပင်နေကြဆဲ ဖြစ်ပြီး တန်ဟက်ဂ်ကတော့ သူ ရထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာတွေသာ ပြန်ရုတ်သိမ်းခံရရင် ယူနိုက်တက်ကို စွန့်ခွာနိုင်ကြောင်း အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ရဲ့ အလုပ်လုပ်တဲ့ ပုံစံအတွက် သင့်တော်တဲ့ လုပ်ပိုင်ခွင့်တွေ ရထားဖို့ လိုပါတယ်။ တကယ်လို့ အသင်းကသာ ကျွန်တော် လိုချင်တဲ့ လုပ်ပိုင်ခွင့်တွေ မပေးရင် ကျွန်တော်က အဲ့ဒီအလုပ်မှာ ဆက်မလုပ်တော့ပါဘူး။ ကျွန်တော်က ရလဒ်ပိုင်း အတွက် အပြည့်အဝ တာဝန်ယူရမယ့်လူပါ။ ဒါကြောင့် ကျွန်တော်က အသင်းရဲ့ အမည်ခံ အုပ်ချုပ်သူ မဖြစ်ချင်ပါဘူး။ ကျွန်တော်က အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့် ရှိပေမယ့် ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ အပြောင်းအရွှေ့ ကိစ္စတွေကို စီမံခွင့်လည်း မဖြစ်မနေ ပါရပါမယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ဖူးတာပါ။