ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က သူတို့ရဲ့ အဓိကပြိုင်ဘက် အာဆင်နယ်ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ တပည့်ဟောင်းလည်း ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်းတွေကို အသင်းသစ်ဆီ ခေါ်ဆောင်ဖို့ ကြံရွယ်နေသူ ဖြစ်ပြီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ အေဂျက် ကစားသမားတွေ ဖြစ်ကြတဲ့ တင်ဘားစ် ၊ အန်တိုနီတို့ဟာ သူ့ရဲ့ ထိပ်သီး ပစ်မှတ်တွေပဲ ဖြစ်ကြပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်ကလည်း တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအတိုင်းပဲ ဒီဂျောင် ၊ တင်ဘားစ်နဲ့ အန်တိုနီတို့ကို ခေါ်ယူဖို့ အေးဂျင့်တွေနဲ့ရော သက်ဆိုင်ရာ ကလပ်တွေနဲ့ပါ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တင်ဘားစ်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နယ်သာလန်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ တွန့်ဆုတ်နေပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က တင်ဘားစ်ကို မခေါ်နိုင်ခဲ့ရင် သူ့ရဲ့ နောက်ထပ် တပည့်တဦး ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ကို အစားထိုး ခေါ်ယူဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကို မာတီနက်ဇ်နဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေအား စောင့်ကြည့်ခိုင်းထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေ အပါအဝင် အေဂျက်မှာ ရှိနေတဲ့ သူ့ရဲ့ ဝန်ထမ်းဟောင်းတွေနဲ့ပါ ချိတ်ဆက်ကာ မာတီနက်ဇ်နဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းထားပြီး ဒီဂျောင်ကိုသာ ခပ်မြန်မြန် ခေါ်ယူနိုင်ခဲ့ရင် မာတီနက်ဇ် အတွက် လှုပ်ရှားဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ အေဂျက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အေဂျက်ဘက်က မာတီနက်ဇ် အတွက် အာဆင်နယ်ရဲ့ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၃၀သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။