ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှားကြီး တခု ကျူးလွန်မိခဲ့တဲ့ ဂိုးသမား ဒီဂီယာအပေါ် ယုံကြည်နေဆဲ ဖြစ်ပြီး သူတို့ဟာ ဒီဂီယာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်းဆင်းဇုန် ကနေ ရုန်းထွက်ချင်နေတဲ့ ဝက်စ်ဟမ်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှားခံလို့ မရတဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းဖြစ်တဲ့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Squawka

ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် ဝက်စ်ဟမ်း ကွင်းလယ်တိုက်စစ် ကစားသမား ဘမ်ရာမာရဲ့ အဝေးကန်ချက်ကို ယူနိုက်တက် ဂိုးသမား ဒီဂီယာ တယောက် အမိ ဖမ်းခဲ့ရာမှာ ဖမ်းပုံဖမ်းနည်း မသေသပ်ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ ဂိုး ရခဲ့ပြီး အဆိုပါ တလုံးထဲသော သွင်းဂိုးကြောင့် ဝက်စ်ဟမ်းဟာ အိမ်ကွင်းမှာ အဖိုးတန် နိုင်ပွဲ ၁ပွဲ ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ၂ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အမှားခံလို့ မရတော့တဲ့ အနေအထားမျိုးကို ရောက်ရှိသွားခဲ့ပြီး ​ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ အရေးကြီးတဲ့ ပွဲတွေမှာ မကြာခဏ အမှားတွေ လုပ်မိနေတဲ့ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ မထိုက်တန်တဲ့ ကစားသမားလို့ ဝေဖန်နေကြပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဒီဂီယာဟာ သူတို့အသင်း အတွက် ဒီရာသီမှာ အရေးပါတဲ့ ကာကွယ်မှုတွေ အများကြီး လုပ်ဆောင်ပြထားတဲ့ ဂိုးသမား တဦး ဖြစ်တာကြောင့် ဒီဂီယာအပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Football London

တန်ဟက်ဂ်က – “ဒီနေ့ပွဲရဲ့ ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တယ်။ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် သေချာ အသုံးမချနိုင်ခဲ့ဘူး။ အဲ့ဒီအချိန်မှာပဲ အမှားတခု ကနေ ကျွန်တော်တို့တွေ သွင်းဂိုး ၁ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ကျွန်တော်တို့တွေ လုပ်မိခဲ့တဲ့ တဦးချင်းအမှား ၂ကြိမ်ကြောင့် အခုလို ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးသွားပါပြီ။ အခု ကျွန်တော်တို့က ၁ပတ်လုံးလုံး အနားယူခွင့် ရထားပါပြီ။ ဒီတော့ ကျွန်တော်တို့က အနားယူမယ်။ ပြီးရင် အားပြန်ဖြည့်မယ်။ ပြီးရင် လာမယ့်ပွဲတွေ ဆက်ကြိုးစားပါမယ်။ ဒီဂီယာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ အများဆုံး ဂိုးသမားပါ။ သူသာ မရှိရင် ကျွန်တော်တို့တွေ ဒီအနေအထားမျိုး အထိ ရောက်နေမယ် မဖင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သူ့အတွက် စိုးရိမ်နေတာမျိုး မရှိပါဘူး။ တခါတလေ ဒီလို အမှားမျိုးတွေ ကျူးလွန်မိတတ်ပါတယ်။ ကစားသမား တယောက်က အမှားတခု လုပ်မိပြီ ဆိုရင် ကျန်တဲ့ ကစားသမားတွေက သူ့ရဲ့ အမှားကို ပြန်လည် ဖာထေးပေးနိုင်ဖို့ လိုပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။