MySport Myanmar

ခြေစွမ်းကျနေတဲ့ ရက်ဖို့ဒ်ကို အပြည့်အဝ ယုံကြည်နေဆဲပါ ဆိုတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ဟာ ဒီရာသီမှာ ခြေစွမ်းကျနေပေမယ့် ရက်ဖို့ဒ် တယောက် မကြာခင် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောကြားလာပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သလို PFAရဲ့ Fan’s Player of the Year Awardကိုပါ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မားကပ် ရက်ဖို့ဒ်က ခြေစွမ်းတွေ အတော်လေး ကျဆင်းနေပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁ဂိုးထဲသာ သွင်းယူထားနိုင်ပါတယ်။

ရက်ဖို့ဒ်ဆီကနေ သွင်းဂိုးတွေ များများစားစား မရမှုကြောင့် ယူနိုက်တက်က ဒီရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၁၀ပွဲမှာ စုစုပေါင်း ၁၅ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တချို့က ခြေစွမ်းကျနေတဲ့ ရက်ဖို့ဒ်ကို အရန်ခုံဆီ ပို့ဖို့ တောင်းဆိုလာကြပြီး ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကတော့ သူ အပါအဝင် ယူနိုက်တက်မှာ ရှိနေတဲ့ လူတိုင်းက ရက်ဖို့ဒ်ကို ယုံကြည်နေဆဲ ဖြစ်သလို မကြာခင် ရက်ဖို့ဒ်ဟာ ခြေစွမ်းကောင်းတွေ ပြန်ပြနိုင်လိမ့်မယ်လို့ ပြောကြားကာ ရက်ဖို့ဒ်ကို ကာကွယ်ပေးသွားပါတယ်။

တန်ဟက်ဂ်က – “ယူနိုက်တက်မှာ ရှိတဲ့ လူတိုင်းက ရက်ဖို့ဒ်ကို ထောက်ခံနေကြဆဲပါပဲ။ တသင်းလုံးက သူ့ကို အားပေး ကူညီကြသလို ယုံလည်း ယုံကြည်ကြပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ဟာ အခြေအနေဆိုးတွေကို ကျော်လွှားပြီး သွင်းဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version