MySport Myanmar

မာတစ်ကို သက်တမ်းတိုးဖို့ ယူနိုက်တက်အသင်းဆီ တောင်းဆိုခဲ့သေးတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟက်ဂ်က လက်ရှိမှာ ရိုးမားအသင်းဆီ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ယူနိုက်တက်ကစားသမားဟောင်း နီမန်ဂျာမာတစ်ဟာ အဝတ်လဲခန်းအတွင်း သြဇာလွှမ်းမိုးမှုကောင်းသူလို့ ယူဆတာကြောင့် သူရဲ့စာချုပ်သက်တမ်းကို တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဆာဘီးယား ဝါရင့် ကွင်းလယ်ကစားသမားကြီး မာတစ်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး နွေဈေးကွက်ထဲမှာလည်း ဆရာသမားဟောင်း ဂျိုဆေးမော်ရင်ဟိုရှိရာ ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ပြောင်းရွှေ့ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ သက်တမ်းကုန်ဆုံးချိန် ရိုးမားအသင်းဆီ တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ မာတစ်ကို ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသင်းကနေ အလွယ်တကူ လက်မလွတ်ချင်ခဲ့ပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ နောက်ခံကစားသမား မက်ဂွိုင်းယားဟာ ကွင်းအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေနဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် နည်းပြတန်ဟက်ဂ်က အသင်းခေါင်းဆောင်ရာထူးကို မာတစ်လို အတွေ့အကြုံလည်းများပြီး အဝတ်လဲခန်းအတွင်း လွှမ်းမိုးမှုရှိတဲ့ မာတစ်ကို အသင်းရဲ့ captain အဖြစ်ပါ တာဝန်လွှဲပြောင်းပေးချင်ခဲ့တာကြောင့် မာတစ်ရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အသင်းဘက်ကို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ The Athletic သတင်းဌာနာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် မာတစ်ကတော့ သူရဲ့ ပွဲကစားခွင့်တွေ ပိုမိုရရှိနိုင်ဖို့အတွက် ယူနိုက်တက်နဲ့ သက်တမ်းတိုးဖို့ကို ပယ်ချခဲ့ပြီး မော်ရင်ဟိုနဲ့သာ တတိယအကြိမ် ပူးပေါင်းလက်တွဲဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ မာတစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ချယ်လ်ဆီးကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၅)ရာသီထိ ဖြတ်သန်းခဲ့ကာ အသင်းအတွက် (၁၈၉)ပွဲအထိ ပါဝင်ကစား ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ အသင်းဖော် ရော်နယ်လ်ဒိုက အသင်းရဲ့ လစာဖြတ်တောက်မှုအပေါ် ဒေါသထွက်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်အပေါ် like ပေးထားခဲ့တာကြောင့် ဒီလုပ်ရပ်ကို မှားယွင်းလုပ်ဆောင်မိတာလို့ မက်ဂွိုင်းယားက ရှင်းလင်းထားပေမယ့် သူရဲ့အပြုအမှုအပေါ် အသင်းပရိသတ်တွေအပြင် တန်ဟက်ဂ်ကိုယ်တိုင်ပါ စိတ်ပျက်လို့နေတာကြောင့် အသင်းခေါင်းဆောင် အပြောင်းအလဲပါ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Exit mobile version