MySport Myanmar

မက်ဂွိုင်းယားက အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က လက်ရှိ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက လာမယ့်ရာသီမှာလည်း အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမယ်လို့ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ တန်ကြေးအမြင့်ဆုံး နောက်ခံလူ တဦး အဖြစ် မှတ်တမ်းဝင်ထားတဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၇သန်း အထိ အသုံးပြုခဲ့ရပါတယ်။

Photo Credit: 90 Mins

မက်ဂွိုင်းယားကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိလာတဲ့ ပထမဦးဆုံး နှစ်ရာသီမှာ အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် ရာထူးကိုပါ လက်ခံ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ မက်ဂွိုင်းယားရဲ့ ခြေစွမ်းက အတော်လေး ဆိုးရွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုက မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ အသင်းကို တောင်းဆိုလာကြပြီး မက်ဂွိုင်းယားအစား အသင်းခေါင်းဆောင်ဟောင်း ဒီဂီယာကိုသာ အသင်းခေါင်းဆောင် အဖြစ် ပြန်ခန့်ဖို့ တိုက်တွန်း ပြောဆိုထားကြပါတယ်။

Photo Credit: 90 Mins

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ် ရောက်ရှိလာချိန်မှာလည်း အဆိုပါ တောင်းဆိုမှုတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ မက်ဂွိုင်းယားဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ ရှိတာကြောင့် မက်ဂွိုင်းယားကိုသာ အသင်းခေါင်းဆောင် အဖြစ် ဆက်ထားသွားမယ်လို့ ယနေ့မှာပဲ တရားဝင် ပြောကြားသွားပါတယ်။

တန်ဟက်ဂ်က – “ဟယ်ရီ မက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါပဲ။ ကျွန်တော်က ကစားသမားတွေ အားလုံးရဲ့ အကြောင်းကို သိရအောင် အချိန်ယူရမယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူက အသင်းခေါင်းဆောင် တယောက် ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့သလို များပြားလှတဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အသင်းခေါင်းဆောင် အဖြစ် ဆက်ထားရင်လည်း ဘာပြဿနာမှ ရှိမယ် မထင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version