ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်ကို အိမ်ကွင်းမှာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့တာကြောင့် အိမ်ကွင်းမှာ ၁၃ပွဲဆက် နိုင်နေတဲ့ စံချိန် ရပ်တန့်ခဲ့ပြီးနောက် လိဒ်နဲ့ သရေကျခဲ့လို့ အတော်လေး ဒေါသထွက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပုံစံကောင်းတွေ တောက်လျှောက် ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ပွဲဆက် အနိုင်ရရှိထားပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အစဉ်အလာပြိုင်ဘက် လိဒ်ယူနိုက်တက်နဲ့ ပွဲမှာတော့ ၂ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရတဲ့ အထိ အခြေအနေ ဆိုးခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် ၂-၂ ဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက် ၂-၂ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ ဧည့်သည် လိဒ်ယူနိုက်တက်က ပွဲအစ ၁မိနစ်မှတင် ယူနိုက်တက် ခံစစ်မှူးတွေရဲ့ အာရုံစူးစိုက်မှု လျော့နည်းနေတာကို အခွင့်ကောင်း ယူကာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး လိဒ်အတွက် အဖွင့်ဂိုးကို တောင်ပံကစားသမား ဂျီနွန်တိုက သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင်ခဲ့ပေမယ့် လိဒ်ယူနိုက်တက်ကပဲ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး လိဒ်ယူနိုက်တက်က ယူနိုက်တက်ခံစစ်မှူး ဗာရန်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ တဆင့် ဒုတိယမြောက် ဦးဆောင်ဂိုး ရခဲ့တာပဲ ဖြစ်ပါတယ်။

၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားအားက ကျဆင်းသွားခြင်း မရှိပဲ ဒုတိယပိုင်းမှာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ကို လူစားလဲကာ ထည့်သွင်းမှုဟာ ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲသွားစေပြီး ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ရဲ့ အတိုးအလှုပ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်က နေရာလွတ်တွေ ပိုရလာပြီး ပွဲချိန် ၆၂မိနစ်နဲ့ ၇၀မိနစ်တို့မှာ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့က ယူနိုက်တက် အတွက် ချေပဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Team Talk

၂-၂ သရေကျသွားပြီးနောက် ယူနိုက်တက်က တိုက်စစ် ၊ လိဒ်ယူနိုက်တက်က ခံစစ် ဆိုတဲ့ အနေအထားနဲ့ ပွဲကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က လိုအပ်နေတဲ့ အနိုင်ဂိုးကို ထပ်မံ ရှာဖွေနိုင်ခြင်း မရှိပဲ ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီပွဲမှာ သရေကျခဲ့လို့ အတော်လေး ဒေါသထွက်ကြောင်းနဲ့ ဖြစ်နိုင်ရင် ချက်ချင်းပဲ လိဒ်နဲ့ ကစားရမယ့် နောက်တပွဲကို ကစားချင်ကြောင်း ပြောကြားလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဒါဘီပွဲ တပွဲမှာ ပွဲအစမှာတင် ပေးဂိုး ၁ဂိုး ခွင့်ပြုလိုက်ရလို့ အတော်လေး ဒေါသထွက်မိပါတယ်။ ကျွန်တော်က ဖြစ်နိုင်ရင် လိဒ်နဲ့ ကစားရမယ့် နောက်တပွဲကို ချက်ချင်းတောင် ကစားချင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က လိဒ်နဲ့ ကစားဖို့ စောင့်ရပါဦးမယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေလည်း ကျွန်တော့်လိုပဲ ခံစားနေရပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ခွန်အားတွေကို သိမ်းထားပြီးတော့ တနင်္ဂနွေနေ့ပွဲမှာ အနိုင်ရလဒ်ကို ရအောင် ယူနိုင်ဖို့ ပြင်ဆင်ရပါမယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။