MySport Myanmar

မန်ယူ ဒုက္ခရောက်နေတာကိုပဲ မြင်ချင်တယ် ဆိုတဲ့ သတင်းထောက်ကို ပြန်ဖြဲခဲ့တဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဂါလာတာစာရေးနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် ပွဲကြိုအင်တာဗျူး တခု လုပ်ခဲ့ရာမှာ ကျင့်ဝတ်မညီတဲ့ သတင်းထောက် တဦးနဲ့ တွေ့ခဲ့တာကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

တန်ဟက်ဂ်နဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တို့က ဂါလာတာစာရေးနဲ့ ပွဲစဉ်မတိုင်မီမှာ ပွဲကြို အင်တာဗျူး အဖြစ် မတ် စမစ်လို့ ခေါ်တဲ့ သတင်းထောက် တဦးနဲ့ အမေး ၊ အဖြေ လုပ်ခဲ့ပါတယ်။

Photo Credit: Sky News

အင်တာဗျူးရဲ့ အစပိုင်းတွေမှာ မတ် စမစ်နဲ့ တန်ဟက်ဂ်တို့က အဆင်ပြေပြေ ရှိခဲ့ကြပေမယ့် မတ် စမစ်က သူ အပါအဝင် အပြင်လူတွေက “မန်ချက်စတာ ယူနိုက်တက် ဒုက္ခရောက်နေတာကိုပဲ မြင်ချင်ကြတယ်” လို့ ထုတ်ပြောခဲ့ချိန်မှာတော့ တန်ဟက်ဂ်နဲ့ မတ် စမစ်တို့ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။

မတ် စမစ်က – “ကျွန်တော်တို့က ယူနိုက်တက်ဟာ တကယ်ပဲ တိုးတက်လာတာလား ၊ ဒါမှမဟုတ် နောက်ထပ် ဆိုးရွားတဲ့ အချိန်တွေကို ထပ်ကြုံဦးမလား ဆိုတာ အတော်လေး သိချင်နေကြပါပြီ။ ကျွန်တော်တို့လို အပြင်လူတွေက ယူနိုက်တက် ဒုက္ခရောက်နေတာကိုပဲ မြင်ချင်တာလေ” ဆိုတဲ့ စကားကို တန်ဟက်ဂ်အား အင်တာဗျူးနေရင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

မတ် စမစ်ရဲ့ စကားကို ကြားကြားချင်းမှာ တန်ဟက်ဂ်က အတော်လေး ဒေါသထွက်သွားတာကို မြင်တွေ့ခဲ့ရသလို တန်ဟက်ဂ်က – “ခင်ဗျားတို့က ကျွန်တော်တို့ ဒုက္ခရောက်တာကို သဘောကျတယ်ပေါ့လေ။ ဟုတ်ပါပြီ။ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အမြင်တွေကို ဂရုမစိုက်ဘူး” လို့ ပြောကာ မတ် စမစ်ကို ပြန်ဖြဲသွားခဲ့ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတချို့အရ မတ် စမစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် လီဗာပူးရဲ့ အမာခံပရိသတ် ဖြစ်ကြောင်း သိရှိရပြီး မတ် စမစ်ရဲ့ သတင်းဌာန ဖြစ်တဲ့ TNT Sportsကတော့ မတ် စမစ်ကို နောက်ထပ်တကြိမ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အင်တာဗျူးတွေကို မကိုင်တွယ်ခိုင်းဖို့ စီစဉ်နေပါတယ်။

Exit mobile version