ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်ကလပ် ကာဒစ်ဇ်နဲ့ ခြေစွမ်းပွဲမှာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားတွေကို အတော်လေး ဒေါသထွက်နေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ မသွားရတဲ့ စီနီယာ ကစားသမားတွေနဲ့ တက်သစ်စ လူငယ် ကစားသမားတွေကို ခေါ်ကာ စပိန်နိုင်ငံမှာ လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပြီး သူတို့ဟာ စပိန်နိုင်ငံ အတွင်းမှာပဲ ကလပ်အသင်း တချို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာတော့ သူတို့ရဲ့ ပထမဦးဆုံး ခြေစမ်းပွဲအဖြစ် လာလီဂါရဲ့ အလယ်အလတ် အသင်းတသင်း ဖြစ်တဲ့ ကာဒစ်ဇ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး အဆိုပါပွဲမှာ အိမ်ရှင် ကာဒစ်ဇ်က မန်ချက်စတာ ယူနိုက်တက်ကို ပထမပိုင်းမှာ ၂ဂိုး ၊ ဒုတိယပိုင်းမှာ ၂ဂိုး သွင်းကာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က မာရှယ် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ လင်ဒီလော့ဖ် ၊ ဝမ် ဘစ္စကာ ၊ အီလန်ဂါ ၊ ဒူဗရက်ကာ ၊ ဘရန်ဒန် ဝီလီယံ စတဲ့ စီနီယာ ကစားသမားတွေကို လူငယ် ကစားသမားတွေနဲ့ အချိုးကျ တွဲဖက်ကာ ပွဲထုတ်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံဟာ ပုံမှန်အောက် ရောက်နေခဲ့ပြီး ကွင်းလယ်က ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို ခံစစ်ကြောင်းကလည်း လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပွဲပြီးဆုံးချိန်မှာ သူတို့အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကို တာဝန်ယူခဲ့တဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး သူတို့အသင်းဟာ အခုလိုမျိုး ကစားပုံတွေကို လက်ခံနိုင်စရာ မရှိကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က တက်တက်ကြွကြွ မရှိခဲ့တာကို အားလုံးလည်း မြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပွဲရဲ့ ပထမပိုင်း ၁၅မိနစ် အတွင်းမှာ အတော်လေးကို အသက်မဲ့နေခဲ့တာပါ။ တဖက်အသင်းကတော့ ကျွန်တော်တို့ကို တိုက်စစ်-ခံစစ် မြန်မြန်ဆန်ဆန် ကူးပြောင်းမှုတွေနဲ့ ဒုက္ခပေးသွားခဲ့ပါတယ်။ သူတို့ရဲ့ ဒုတိယဂိုးကလည်း ကျွန်တော်တို့ ခံစစ်ကြောင်းရဲ့ မတက်ကြွမှုနဲ့ အာရုံစူးစိုက်မှု လျော့နည်းတာတို့ကြောင့် ရသွားခဲ့တဲ့ ဂိုးပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကွင်းလယ်ပိုင်းကလည်း လိုအပ်တဲ့ ပမာဏ အထိ ပြေးလွှားတာမျိုး မလုပ်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ဒီလို စွမ်းဆောင်ရည်မျိုးကို လုံးဝ လက်မခံနိုင်ပါဘူး။ ဒီစွမ်းဆောင်ရည်က လက်ခံနိုင်စရာ မရှိတဲ့ စွမ်းဆောင်ရည်မျိုးပါ” လို့ ပျင်းရိနေတဲ့ သူ့ရဲ့ ကစားသမားတွေကို ဆူငေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။