ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းရဲ့ နံပါတ်(၁) ရည်မှန်းချက်ဟာ ပွဲတိုင်းကို အနိုင်ကန်ဖို့ ဖြစ်ကြောင်း ယနေ့ည ၁၀နာရီ ၄၅မိနစ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယနေ့ည ၁၀နာရီ ၄၅မိနစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းကို ဧည့်ခံ ကစားရဖို့ ရှိနေပြီး ယူနိုက်တက်က အဆိုပါပွဲမှာသာ အနိုင်ရလဒ် ရရှိခဲ့ရင် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာဆီ တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

နယ်သာလန် ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ဆက်တိုက် ဆိုသလို ရလဒ်ကောင်းတွေ ရရှိထားသလို နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး။

မန်ချက်စတာ ယူနိုက်တက်က ရာသီအစမှာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ၂ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ကစားခဲ့တဲ့ ၁၄ပွဲမှာ ဆိုစီဒက်နဲ့ မန်ချက်စတာ စီးတီးတို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့ ၁၂ပွဲမှာ ၁၀ပွဲနိုင် ၊ ၂ပွဲသရေ ရလဒ်ကို ရရှိထားပါတယ်။ ဒါကြောင့်ပဲ နည်းပြသစ် တဦး အနေနဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာ အနေအထား တရပ်မှာ ရှိနေပြီး အဲရစ် တန်ဟက်ဂ်ကတော့ သူ့ရဲ့ နံပါတ်(၁) ရည်ရွယ်ချက်က ပွဲတိုင်းကို အနိုင်ရဖို့ ဖြစ်ပြီး နံပါတ်(၂) ရည်ရွယ်ချက်ဟာ မန်ချက်စတာ ယူနိုက်တက်ကို အရင်ကလို အောင်မြင်တဲ့ အသင်းတသင်း ဖြစ်အောင် ပြန်လည် တည်ဆောက်ဖို့ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော့်ရဲ့ ပထမဦးဆုံး ရည်ရွယ်ချက်က ပွဲတိုင်းကို အနိုင်ကစားဖို့ပါ။ ဒုတိယ ရည်ရွယ်ချက်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို အရင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိလာအောင် ၊ ကမ္ဘာ့ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာအောင် ဦးဆောင်ပေးဖို့ ဖြစ်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ယနေ့ညမှာ ကစားရမယ့် ဝက်စ်ဟမ်းပွဲ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ စုစုပေါင်း ပြိုင်ပွဲစုံမှာ ၅ပွဲ အထိ ကစားရဖို့ ရှိနေသေးပြီး အဆိုပါ ၅ပွဲမှာ တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ဘယ်လိုရလဒ်ကောင်းတွေ ရယူနိုင်မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရပါမယ်။