ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှ စတင်ကာ ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစား ကစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနွေရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပြီး သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စွမ်းဆောင်ရည် အတော်လေး ကျဆင်းခဲ့တဲ့ အသင်း ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ လိုချင်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေကာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ် အတွက် ကစားသမား အင်အားနည်းပါးမှုဟာ ပြဿနာ တရပ် ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် အဲရစ် တန်ဟက်ဂ်က သူ လိုချင်တဲ့ ကစားသမားတွေကိုသာ မရရင် အစားထိုး ကစားသမား ခေါ်ယူဖို့ထက် ရှိတဲ့ ကစားသမားတွေနဲ့သာ ရှေ့ဆက်ဖို့ ဆုံးဖြတ်ထားသလို ယူနိုက်တက်ရဲ့ ရည်မှန်းချက်ဟာ ပွဲတိုင်းကို အနိုင်ယူဖို့သာ ဖြစ်ရမယ်လို့ ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

Photo Credit: Goal

တန်ဟက်ဂ်က – “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပွဲတိုင်းကို အနိုင်ရဖို့ပါပဲ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖြစ်တည်မှုက ပွဲတိုင်းကို အနိုင်ရနေဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့တွေ လာမယ့် တနင်္ဂနွေနေ့ကနေ စပြီး ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။