ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၂လ လိုအပ်သေးပေမယ့် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄) အတွင်း ဝင်ရောက်နိုင်ဖို့ အရမ်းကို ခက်သွားပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို သက်တောင့်သက်သာ ရရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပွဲစဉ်(၃၀) အပြီးမှာ အဆင့်(၆)နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Euro Sports

မန်ချက်စတာ ယူနိုက်တက်က အဆင့်(၆)နေရာကို ရောက်ရှိနေသလို အဆင့်(၄)နေရာမှာ ရှိနေတဲ့ အက်စ်တွန်ဗီလာနဲ့ ရမှတ် ၁၁မှတ် ၊ အဆင့်(၅) နေရာမှာ ရှိနေတဲ့ စပါးနဲ့ ရမှတ် (၉)မှတ် ကွာဟနေတာကြောင့် ရာသီမကုန်ခင်မှာ အဆင့်(၄) အတွင်း ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေပါတယ်။

ဒါပေမယ့် ဗီလာက ၇ပွဲနဲ့ စပါးက ၈ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ၉ပွဲ အထိ ကစားဖို့ ကျန်နေသေးတာကြောင့် ပွဲကျန်တွေကို ကစားရင်း ရမှတ်ကွာဟချက်ကို လျှော့ချနိုင်ဖို့ ရှိနေပြီး ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် အစဉ်အလာပြိုင်ဘက် ချယ်လ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Photo Credit: Ace

ချယ်လ်ဆီးက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ထက် ခြေစွမ်းပိုင်း ပိုမို နိမ့်ပါးနေတာကြောင့် အဝေးကွင်းမှာ သရဲနီတို့ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပေမယ့် ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့ကြောင်း ဝန်ခံလာခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က အမြဲတမ်း မြင့်မြင့်ပဲ မှန်းတတ်တာမို့လို့ ကျွန်တော်တို့ကသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ် ဆိုရင် စိတ်ပျက်မိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်မှုက မကောင်းတဲ့ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အရမ်း ခက်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က လက်ကျန် ပွဲတိုင်းကို အနိုင်ကစားချင်ပါတယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့ စံသတ်မှတ်ချက်ပါပဲ။ ကျွန်တော်တို့က အဲ့ဒီစံသတ်မှတ်ချက် အတိုင်း ကစားနိုင်အောင် ဆက်လက် ကြိုးစားသွားပါမယ်။ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ကစားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ချဉ်းကပ်မယ်။ ပြီးတော့ ရာသီကုန်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင်ပါမယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တဲ့ အနေအထားကို ရောက်နေတာကြောင့် ပြိုင်ဘက်တွေကို လိုက်မှီနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။