နယ်သာလန် အင်အားကြီးကလပ် အေဂျက်အသင်းရဲ့ နည်းပြဖြစ်သူ တန်ဟက် ကတော့ သူဟာ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသလို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ကနေ ကမ်းလှမ်းမှု တစုံတရာ မရရှိသေးကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ယမန်နေ့မှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆိုးလ်ရှားရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို အပူတပြင်း ရှာဖွေနေပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းက သူတို့အသင်းကို ရေရှည် ကိုင်တွယ်နိုင်သလို အရည်အသွေးလည်း ပြည့်ဝတဲ့ ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေရာ အေဂျက်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်တဲ့ တန်ဟက်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် နည်းပြတွေထဲ ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီးနောက် တန်ဟက်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေပြီး အေဂျက်အသင်းရဲ့ နည်းပြဖြစ်သူ တန်ဟက်ကတော့ ယနေ့မနက် အစောပိုင်းမှာပဲ သူ့ဆီကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုတွေ ရောက်လာခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဆက်အသွယ် မရှိသေးကြောင်းကို တန်ဟက်က – “ အခုချိန်မှာ ကျွန်တော့်ရဲ့အသင်း အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ရနိုင်သမျှ ဆုဖလားတွေ အားလုံး ရယူနိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ အေဂျက်အသင်း အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း အေဂျက်အသင်း အတွက်ပဲ အာရုံစိုက်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူတို့ရဲ့ စံပြဖြစ်အောင် နေပြဖို့ လိုအပ်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ အခြေအနေကို မေးမြန်းနေတာက အတော်လေး ထူးဆန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ဆီကို ဘယ်လိုကမ်းလှမ်းမှုမျိုးမှ ရောက်မလာသေးပါဘူး။ ဒါကြောင့် ကျွန်တော်က အဲ့ဒီအကြောင်းတွေ တွေးလို့ မရသေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

နယ်သာလန် ဘောလုံးလောကနဲ့ ပတ်သတ်ရင် စိတ်ချ ယုံကြည်ရတဲ့ CBS Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် အေဂျက်အသင်းနဲ့ ဦးစွာ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း သိရပါတယ်။