ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ဟာ အသင်းပိုင်ရှင်သစ်ကို စတင် ရှာဖွေနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပိုင်ဆိုင်တာ ဖြစ်ပြီး ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် ပိုင်ဆိုင်ခဲ့တာပါ။

Photo Credit: Goal

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ဘဏ်ချေးငွေတွေနဲ့ ဝယ်ယူခဲ့သလို ဘဏ်အတိုးတွေကိုလည်း အသင်းပိုင် ငွေကြေးထဲ ကနေ အမြဲ ပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနဲ့ ဂလေဇာမိသားစုတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေးအရ အဆင်မပြေမှုတွေ ရှိခဲ့သလို ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ အတွက် ဆုံးဖြတ်လိုက်ပြီး ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ၂၀၂၃ခုနှစ် အတွင်း အပြီးသတ် ရောင်းချနိုင်ဖို့ မျှော်လင့်ထားသလို မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချရာကနေ ပေါင် ၅ဘီလီယံနဲ့ ပေါင် ၉ဘီလီယံကြား ပမာဏ တရပ် ရရှိချင်နေပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကလည်း သူတို့အသင်းဟာ အသင်းပိုင်ရှင်သစ်ကို ရှာဖွေနေကြောင်းနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားရင် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ငွေကြေးတွေ ရလာနိုင်တာကြောင့် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တာဟာ အသင်းအတွက် ကောင်းမွန်လိမ့်မယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရောက်လာဖို့ ရှိပါတယ်။ (အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်မှုအား ရည်ရွယ်လျက်) အဲ့ဒါက ကောင်းမွန်တဲ့ ကိစ္စရပ် တခုပါ။  ကျွန်တော်နဲ့ ရစ်ချက် အာနိုးလ်တို့က အသင်းရဲ့ ယဉ်ကျေးမှု ၊ ပန်းတိုင် ၊ လုပ်ရမယ့် အရာတွေ အတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ ပရောဂျက်တွေ အတွက် ငွေကြေးများများစားစား ရဖို့ လိုအပ်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။