MySport Myanmar

နယူးကာဆယ်က မန်ယူထက် ပိုကောင်းခဲ့တယ်လို့ ဖွင့်ဟ ဝန်ခံလာတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ဟာ သူတို့အသင်းထက် ပိုကောင်းခဲ့တာကြောင့် နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ အသင်းတွေ ဖြစ်သလို ကာရာဘောင်းဖိုင်နယ်မှာ (မန်ယူ ၂-၀ နယူးကာဆယ်) တွေ့ဆုံခဲ့ဖူးတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: 90 Min

နယူးကာဆယ် ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ခြေစွမ်းပိုင်းအရ များစွာ ကွာခြားခဲ့ခြင်း မရှိပေမယ့် ကာရာဘောင်းဖိုင်နယ်အရှုံးကို ပြန်လည် လက်စားချေချင်နေသလို အိမ်ကွင်း ပရိသတ်အားလည်း ရှိတဲ့ နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားနိုင်ခဲ့ကာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နယူးကာဆယ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၅မိနစ်မှာ ဝီးလော့နဲ့ ပွဲချိန် ၈၈မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဝီလ်ဆန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် အဆင့်၃နေရာ အထိ တက်လှမ်းနိုင်ခဲ့ကာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ အဆင့်၄နေရာကို ဆင်းပေးခဲ့ရပါတယ်။

Photo Credit: 90 Min

နယူးကာဆယ် ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ပြိုင်ဘက် နယူးကာဆယ်ထက် များစွာ နိမ့်ကျနေကြောင်းကို ဝန်ခံသွားခဲ့သလို နယူးကာဆယ်ဟာ သူတို့ထက် နိုင်ပွဲကို ပိုလိုချင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ ထိုက်တန်ကြောင်းပါ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ကတော့ ဒီနေ့ပွဲရဲ့ ကစားပုံကိုရော ရလဒ်ပိုင်းကိုပါ ကျေနပ်မှု မရှိပါဘူး။ ဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ဒီရှုံးပွဲ ကနေ သင်ယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ကျွန်တော်တို့ထက် နိုင်ပွဲကို ပိုလိုချင်တဲ့စိတ် ရှိနေတာမျိုးကို လက်မခံနိုင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version