မနေ့ညက ကျင်းပသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၂၇)မှာတော့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အိမ်ရှင်ဘက်တစ်အသင်းက ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်ကစားသမား ခရစ္စတီယန်တယ်လိုရဲ့ အသည်းခွဲသွင်းဂိုးနဲ့ ရီးရဲလ်ကို အနိုင်ယူခဲ့ပြီး ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီရှံးပွဲကြောင့် အမှတ်ပေးဇယားရဲ့ဒုတိယနေရာကို ရောက်ရှိခဲ့ရပြီး ပထမနေရာကို ဘာစီလိုနာအသင်းဆီ ဖယ်ပေးခဲ့ရသလို တိုက်တိုက်ဆိုင်ဆိုင် သွင်းဂိုးရယူပေးခဲ့တဲ့ တယ်လိုမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်လို့နေပါတယ်။

Photo Credit : Getty Image

ဒီပွဲမတိုင်ခင် စနေနေ့ညမှာ ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းမှာတော့ ဘာစီလိုနာအသင်းက ရီးရဲလ်ဆိုစီဒက်အသင်းကို မက်ဆီရဲ့ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားကို ယာယီတတ်လှမ်းနိုင်ခဲ့ပေမယ့် တနင်္ဂနွေနေ့ညမှာ ရီးရဲလ်က ဘက်တစ်ကို အရေးနိမ့်ခဲ့တာကြောင့် ဇယားထိပ်ကို ပြန်မတတ်နိုင်ခဲ့တဲ့အပြင် ဘာစီရဲ့အောက် ဒုတိယနေရာမှာ ၂မှတ်အကွာနဲ့ ရှိလို့နေခဲ့ရပါတယ်။ ဒီပွဲမှာ ဘက်တစ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ တယ်လိုက “ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို ကျွန်တော့်ပရိသတ်တွေရဲ့ရှေ့မှာ အလှဲထိုးပြနိုင်ခဲ့တာကာ ဘက်တစ်ပရိသတ်တွေအတွက် ဂုဏ်ယူစရာပါ”

Photo Credit : Getty Image

“နောက်ပြီး ဒီအခိုက်အတန့်ကိုလည်း အားလုံးအမှတ်တရ ရှိနေမယ်လို့ ထင်မိပါတယ်။ ဒီရာသီက အသင်းတိုင်းအတွက် အရမ်းကို ခက်ခဲလွန်းတဲ့ ဘောလုံးရာသီလို့ ထင်မိပါတယ်။ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ အသက်လက်တီကိုမက်ဒရစ်တို့လို အသင်းကြီးတွေအနေနဲ့လည်း ဒီရာသီအတွင်း ဘယ်သူ့ကွင်းမှာမဆို ရှံးပွဲတွေကို ရင်ဆိုင်ရနိုင်တာပဲ။ ဒီတော့ ဒီရာသီမှာ အမှားနည်းနည်းလုပ်တဲ့သူက ဗိုလ်စွဲသွားမယ်လို့ ကျွန်တော်ထင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား တယ်လိုဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ စီနီယာကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီ့း အဲ့ဒီနောက်မှာတော့ ပေါ်တို ဖီအိုရင်တီးနားအသင်းတွေမှာ အငှားနဲ့ ထွက်ကစားခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ ဘက်တစ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။