ပေါ်တူဂီ ထိပ်သီး အသင်း ဖြစ်တဲ့ ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလက် တဲလ​က်စ် ဟာ မကြာမီမှာပဲ မန်ယူအသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ် လို့ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အသက် ၂၇ နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ်ဟာ တိုက်စစ် အားသန် ဘယ်နောက်ခံလူ တစ်ဦး ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာ ပေါ်တိုအသင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တစ်ဦးပဲ ဖြစ်ပြီး လက်ရှိမှာတော့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်း မီဒီယာတွေက ဆိုထားပါတယ်။

Photo Credit: Metro

ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ လုခ်ရှော ၊ ဝီလီယံ စတဲ့ ဘယ်နောက်ခံလူတွေ ကို ပိုင်ဆိုင် ထားပေမယ့် နှစ်ဦးစလုံးဟာ ဘယ်တောင်ပံ တိုက်စစ်ကို အားဖြည့်ပေးနိုင်ခြင်း မရှိသလို မကြာခဏ ဆိုသလို ခံစစ်ကြောင်းမှာလည်း အမှားအယွင်းတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒါ့ကြောင့်ပဲ မန်ယူအသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ ပေါ်တိုအသင်း ကနေ ထွက်ခွာမယ့် တဲလက်စ်ကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့သလို တဲလက်စ်ဟာလည်း ထိပ်တန်း အသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေတာကြောင့် မန်ယူအသင်းဟာ တဲလက်စ်ကို ခေါ်ယူဖို့ ခပ်မြန်မြန်ပဲ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရ မန်ယူအသင်း ဟာ ယမန်နေ့ညမှာပဲ တဲလက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သလို ချုပ်ဆိုမယ့် စာချုပ် အတွက် ဆွေးနွေးမှုတွေ အားလုံးဟာ ပြီးပြတ် သွားပြီ ဖြစ်တာကြောင့် ပေါ်တိုအသင်းနဲ့ သာ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းဖို့ လိုအပ်တော့ကြောင်း သိရပါတယ်။ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက မန်ယူအသင်းရဲ့ တဲလက်စ် အတွက် ကနဦး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၁၅ သန်းတန် ကမ်းလှမ်းမှုကို ပေါ်တိုအသင်းက ပယ်ချ ထားခဲ့တယ် လို့ ဖော်ပြနေကြပြီး မကြာမီမှာတော့ မန်ယူအသင်းဟာ တဲလက်စ် အတွက် ဒုတိယ အကြိမ်မြောက် ကမ်းလှမ်းမှုကို ပြုလုပ်တော့မယ် လို့ သိထား ရပါတယ်။ ပေါ်တိုအသင်း ဟာ တဲလက်စ် အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၈ သန်း အလိုရှိ နေပြီး မန်ယူအသင်းရဲ့ ဒုတိယ အကြိမ်မြောက် ကမ်းလှမ်းမှုဟာ ယူရို ၁၈ သန်း ဝန်းကျင် ရှိနိုင်တာကြောင့် ယနေ့ (သို့) မနက်ဖြန်မှာပဲ တဲလက်စ်အတွက် နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိနိုင်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းထောက်တွေက သုံးသပ် ထားကြပါတယ်။